Apple ရဲ့ အထင်ကရထုတ်ကုန်တွေရဲ့ ဒီဇိုင်းကို နှစ်ပေါင်း ၃၀ ခန့်ကြာ ဖန်တီးခဲ့တဲ့ ဆာဘွဲ့ရ ဒီဇိုင်းအရာရှိချုပ်ဟောင်းနဲ့ Apple တို့ ဆက်ပြီး လက်တွဲအလုပ်လုပ်တော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
The New York Times သတင်းအရ Apple ဟာ ကုမ္ပဏီရဲ့ ဒီဇိုင်းအရာရှိချုပ် ဂျွန်နီအိုက်ဗ်နဲ့ အတိုင်ပင်ခံသဘောတူညီချက်ကို ရပ်ဆိုင်းလိုက်ပြီလို့ ပြောပါတယ်။ ၉၀ ပြည့်လွန်နှစ်များဆီက စတိဗ်ဂျော့စ်ခေတ် Apple ရဲ့ အရေးပါတဲ့ အထိကရထုတ်ကုန်ဒီဇိုင်းဖန်တီးမှုနောက်ကွယ်က ပညာရှင်ဟာ Apple နဲ့ သုံးနှစ် စာချုပ်ပြည့်ပြီးနောက် အလုပ်ဆက်လုပ်ဖို့ စာချုပ်မချုပ်တော့တာ ဖြစ်ပါတယ်။ Apple ဒီဇိုင်းအရာရှိချုပ်ဟောင်းဖြစ်ခဲ့သူ ဂျွန်နီအိုက်ဗ်ရဲ့ ဒီဇိုင်းအငွေ့အသက်နဲ့ အယူအဆတွေကို နောက်ပိုင်း Apple ထုတ်ကုန်တွေမှာ မြင်ရတော့မှာ မဟုတ်ပါဘူး။
ဂျွန်နီအိုက်ဗ်ဟာ ၂၀၁၉ ခုနှစ်မှာ Apple ရဲ့ ဒီဇိုင်းပိုင်းအကြီးအကဲရာထူးကနေ နှုတ်ထွက်ခဲ့ပြီး LoveFrom နာမည်နဲ့ လွတ်လပ်တဲ့ ဒီဇိုင်းကုမ္ပဏီတစ်ခု စတင်တည်ထောင်ခဲ့တာပါ။ LovFrom ရဲ့ ပထမဆုံးဖောက်သည်ဟာ သူအလုပ်လုပ်ခဲ့တဲ့ ကုမ္ပဏီဟောင်း Apple ပဲ ဖြစ်ခဲ့ပြီး သတင်းထုတ်ပြန်ချက်ထဲမှလည်း အိုက်ဗ်က သူဟာ နောင်နှစ်ပေါင်းများစွာကြာအောင် Apple နဲ့ အတူ ရှေ့ဆက်လက်တွဲလုပ်ဖို့ မျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။
Apple ကလည်း အိုက်ဗ်နဲ့ ဒေါ်လာသန်း ၁၀၀ တန် စာချုပ်တစ်ခု ချုပ်ဆိုခဲ့ပြီး စာချုပ်ထဲမှာတော့ Apple ရဲ့ ပြိုင်ဘက်တွေအတွက် အလုပ်လုပ်ပေးခြင်း မပြုဖို့ တားမြစ်ထားတဲ့ အချက်လည်း ပါရှိတယ်လို့ The New York Times သတင်းက ဖော်ပြခဲ့ပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ အိုက်ဗ်နဲ့ Apple တို့ဟာ လက်တွဲဖြုတ်ဖို့ ဆုံးဖြတ်ခဲ့ပုံရပါတယ်။ The New York Times သတင်းအရ ကန်ထရိုက်သက်တမ်းတိုးချိန် ရောက်လာခဲ့ပေမယ့် နှစ်ဦးနှစ်ဖက်အနေနဲ့ သက်တမ်း ဆက်မတိုးဖို့ သဘောတူခဲ့တယ်လို့ ပြောခဲ့ပါတယ်။
"တချို့ Apple အမှုဆောင်အရာရှိတွေက ကုမ္ပဏီအနေနဲ့ မစ္စတာအိုက်ဗ်ကို ဘယ်လောက် ပေးနေရသလဲ မေးခွန်းထုတ်ထားသလို မစ္စတာအိုက်ဗ်ရဲ့ လုပ်ငန်းမှာ ကုမ္ပဏီရဲ့ ဒီဇိုင်နာအတော်များများ ပါသွားတာကိုလည်း ဒေါသထွက်နေကြပါတယ်။ နောက်ပြီး မစ္စတာအိုက်ဗ်ဟာ Apple ဆီက ခွင့်ပြုချက် မတောင်းဘဲ Clients တွေ ချိတ်ဆက်တာမျိုး အလွတ်လုပ်ချင်ခဲ့တယ်" လို့လည်း The New York Times သတင်းက ဖော်ပြပါတယ်။
Apple ရဲ့ ဒီဇိုင်းအဖွဲ့ကို ကုမ္ပဏီရဲ့ လုပ်ငန်းလည်ပတ်မှုအမှုဆောင်အရာရှိချုပ် COO ဖြစ်သူ ဂျက်ဖ် ဝီလျံစ်က ဆက်ပြီး စီမံခန့်ခွဲသွားမှာ ဖြစ်ပါတယ်။ ဂျွန်နီအိုက်ဗ်ရဲ့ LoveFrom ကုမ္ပဏီဟာ Airbnb နဲ့ Ferrari တို့အတွက် အလုပ်ဆက်လုပ်သွားမှာ ဖြစ်ပါတယ်။ အိုက်ဗ်ဟာ ၁၉၉၂ ခုနှစ်က Apple ကို ရောက်လာခဲ့သူ ဖြစ်ပြီး iMac နဲ့ iPod ရဲ့ အဖြူရောင်နားကြပ်တွေ အပါအဝင် ကုမ္ပဏီရဲ့ icon ဖြစ်ခဲ့တဲ့ Hardware ဒီဇိုင်းအများအပြားကို ပုံဖော်ခဲ့သူလည်း ဖြစ်ပါတယ်။
iOS ဒုဥက္ကဌ စကော့တ် ဖော်စတော Apple ကုမ္ပဏီက ထွက်ခွာခဲ့ပြီးနောက် အိုက်ဗ်ဟာ ဆော့ဖ်ဝဲလ် Interface ဒီဇိုင်းပိုင်းပါ ကြီးကြပ်ခဲ့ပြီး သူ့လက်ထက်မှာ iOS 7 အတွက် လုံးဝအသွင်ကွဲပြားတဲ့ အသွင်ကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ အထူးချွန်ဆုံးနဲ့ နာမည်အကြီးဆုံး စက်မှုဒီဇိုင်နာတွေထဲက တစ်ဦးဖြစ်တဲ့ အိုက်ဗ်ဟာ ထုတ်ကုန်နဲ့ ဆော့ဖ်ဝဲလ်ဒီဇိုင်းအပြင် စတိဗ်ဂျော့စ် တည်ဆောက်ချင်နေတဲ့ Spaceship ရုံးချုပ်သစ် ဒီဇိုင်းနဲ့ Apple လက်လီအရောင်းဆိုင်တွေရဲ့ ဒီဇိုင်းပါ သူထုတ်ခဲ့ပါတယ်။
၂၀၁၉ မှာ Apple ကနေ နှုတ်ထွက်ခဲ့ပြီးနောက် သုံးနှစ်ခန့်အကြာမှာ Apple နဲ့ အိုက်ဗ်တို့ရဲ့ အတူတူ လက်တွဲအလုပ်လုပ်မှု အဆုံးသတ်သွားခဲ့ပြီ ဖြစ်ပါတယ်။ အိုက်ဗ်ရဲ့ Apple ကုမ္ပဏီ ထုတ်ကုန်ပေါ် ဖန်တီးမှုတွေလည်း တကယ်ပဲ အဆုံးသတ်သွားပြီလို့ ဆိုရမှာပါ။
Share