မနေ့က ကစားခဲ့တဲ့ ပီအက်စ်ဂျီနဲ့ ကာဝါဆာကီဖရွန်တေးလ်တို့ရဲ့ ပွဲစဥ်မှာ ထိုင်းမက်ဆီလို့ နာမည်ကြီးတဲ့ ချာနာသစ်နဲ့ ကမ္ဘာကျော်ကစားသမား လီယွန်နယ်မက်ဆီတို့ ထိပ်တိုက်တွေ့ခဲ့ပါတယ်။ ဒီပွဲမှာ ပီအက်စ်ဂျီက ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ပီအက်စ်ဂျီအတွက် အဖွင့်ဂိုးကို မက်ဆီက သွင်းယူပေးနိုင်ခဲ့ပါတယ်။
မက်ဆီအနေနဲ့ ဒီပွဲမှာ နောက်ထပ်တဂိုးရဖို့ နီးစပ်ခဲ့သေးပေမယ့် ဂိုးသမားကိုပါ လိမ်ခေါက်ပြီး မက်ဆီ ကန်သွင်းခဲ့တဲ့ ဘောလုံးကို ချာနာသစ်က ဂိုးစည်းပေါ်ကနေ ရှင်းထုတ်ခဲ့ပါတယ်။ ထိုင်းလက်ရွေးစင်အတွက် အားထားရတဲ့ ကစားသမား ချာနာသစ်အတွက်ကတော့ မက်ဆီ၊ ရာမို့စ်၊ နေမာ၊ အမ်ဘာပေတို့လို ကစားသမားတွေနဲ့ ရင်ဆိုင်ခွင့်ရတာက သူ့အတွက် ကြီးမားတဲ့ ဆုလာဘ်တခုလည်းဖြစ်ခဲ့ပါတယ်။
ပွဲအပြီးမှာလည်း ချာနာသစ်က မက်ဆီထံက အမှတ်တရ လက်မှတ် တောင်းဆိုခဲ့ပါသေးတယ်။ ဒီနှစ်ယောက်ဟာ အရင်တုန်းက ကွင်းပြင်မှာ တွေ့ဆုံဖူးကြပေမယ့် ကွင်းတွင်းမှာ ဒီတကြိမ်က ပထမဆုံးအဖြစ် ပြိုင်ဘက်အနေနဲ့ ထိပ်တိုက်တွေ့ခဲ့တာပါ။ ပွဲအပြီးမှာ ချာနာသစ်က “ပွဲချိန်အတွင်းမှာ ကျနော် မက်ဆီ,ဆီကနေ ဘောလုံးလုယူဖို့ အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ပါတယ်”
“ဒါပေမယ့် ကျနော် မလုပ်နိုင်ခဲ့ပါဘူး။ ဒီအချက်ကပဲ ကမ္ဘာ့အဆင့်နဲ့ ကျနော်တို့အကြား ကွဲပြားခြားနားချက်ဆိုတာကို သိခဲ့ရပါတယ်။ နောက်ပြီး ကျနော့်အနေနဲ့ အလုပ်ပိုကြိုးစားဖို့နဲ့ အခုထက် ရည်မှန်းချက်မြင့်မားဖို့အတွက်လည်း စိတ်ခွန်အားတွေရခဲ့ပါတယ်” လို့ ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။