ဘိုနူချီကတော့ ဂွါဒီယိုလာရဲ့အကြိုက်ဆုံးဗဟိုနောက်ခံလူတစ်ယောက်ဖြစ်ခဲ့တာပါ။

ဂျူဗင်တပ်စ်နဲ့ အီတလီနောက်ခံလူကြီး ဘိုနူချီက သူ့အနေနဲ့ ဂွါဒီယိုလာရဲ့ မန်စီးတီးကို သွားရောက်ကစားဖို့ (၃) ကြိမ်တိုင်တိုင် နီးစပ်ခဲ့တယ်လို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။

လက်ရှိအချိန်မှာ အသက် (၃၄) နှစ်အရွယ်ရှိပြီဖြစ်ပေမယ့် ဘိုနူချီကတော့ အကောင်းဆုံးပုံစံတွေကို ပြသနေဆဲဖြစ်ပြီး ပြီးခဲ့တဲ့ ယူရို-၂၀၂၀ မှာ ဗိုလ်စွဲခဲ့တဲ့ အီတလီရဲ့ အဓိကနောက်ခံလူကြီးအဖြစ် အားကိုးခဲ့ရပါတယ်။ ဒီလိုမျိုး ဘိုနူချီကို ဂွါဒီယိုလာက သူအင်္ဂလန်ရောက်ရောက်ချင်း ပထမဆုံးရာသီဖြစ်တဲ့ (၂၀၁၆) မှာ ခေါ်ယူဖို့ ကြိုးစားခဲ့သေးတာပါ။


အဲ့ဒါနဲ့ပတ်သက်လို့ ဘိုနူချီက “ကျွန်တော်လည်း ဂွါဒီယိုလာလက်အောက်မှာ ကစားခွင့်ရဖို့ အိပ်မက်မက်ခဲ့ဖူးပါတယ်။ အနီးစပ်ဆုံးကတော့ (၂၀၁၆) တုန်းကပါ။ အဲ့ဒီတုန်းက ကျွန်တော် မန်စီးတီးကို ရောက်ရှိဖို့ တော်တော်လေးနီးစပ်ခဲ့ပါတယ်။ ဆွေးနွေးမှုနောက်ဆုံးအပိုင်းလောက်ရောက်တဲ့အချိန်မှာ ဂျူဗင်တပ်စ်က မရောင်းတော့ဘူးဖြစ်သွားပါတယ်”

“အဲ့ဒါနဲ့ပဲ ကျွန်တော်တို့လည်း မပြောင်းတော့ဘူးလို့ ဆုံးဖြတ်ချက်ချပြီး အဲ့ဒီနောက် အေစီမီလန်ကို ပြောင်းဖြစ်ခဲ့ပါတယ်။ တကယ်ဆို ကျွန်တော် မန်စီးတီးကိုပဲ ပြောင်းခဲ့ရမှာ” လို့ ဘိုနူချီက မချိတင်ကဲ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဘိုနူချီဟာ အေစီမီလန်မှာ တစ်ရာသီကြာ ကစားခဲ့ပြီးနောက် ဂျူဗင်တပ်စ်ကိုပဲ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

ဒီလိုမျိုး ဂျူဗင်တပ်စ်ကို ပြန်လည်မပြောင်းရွှေ့ခင် (၂၀၁၈) မှာ ဂွါဒီယိုလာက သူ့ကို ထပ်မံခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ ဘိုနူချီကိုယ်တိုင်က ဂျူဗင်တပ်စ်ကို ပြန်ချင်တာကြောင့် ငြင်းဆန်ပယ်ချခဲ့ပါတယ်။ ဒါ့အပြင် ဒီနှစ်အစောပိုင်းမှာလည်း ဂွါဒီယိုလာက သူ့ကိုချဥ်းကပ်ခဲ့တဲအ့ကြောင်းကို ဘိုနူချီက “ကျွန်တော် ဂွါဒီယိုလာနဲ့စကားပြောခဲ့ပြီး သူကလည်း ကျွန်တော့်ကို အလိုရှိခဲ့ပါတယ်”

“ဒါပေမယ့် ကျွန်တော်ကတော့ ဂျူဗင်တပ်စ်က ကျွန်တော့်အိမ်ဖြစ်တဲ့အကြောင်း၊ ကျွန်တော် ပျော်ရွှင်နေတဲ့အကြောင်းကိုပဲပြောဖြစ်ခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ဘိုနူချီက သူ့ရဲ့လက်ကျန် ကစားသမားဘဝကို ဂျူဗင်တပ်စ်မှာပဲကုန်ဆုံးဖို့ ဆုံးဖြတ်ထားသလို မန်စီးတီးနောက်တန်းမှာလည်း ဒီယက်စ်၊ စတုန်းစ်နဲ့ လာပေါ့တ်တို့ကြောင့် ပြည့်စုံနေပြီလို့လည်းဆိုနိုင်ပါတယ်။ 

Share

က္က