ဒီကနေ့ညနေပိုင်းက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့မဲလ်ဘုန်းဗစ်ထရီတို့ရဲ့ ရာသီကြိုခြေစမ်းပွဲမှာတော့ ယူနိုက်တက်က ၄-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ ယူနိုက်တက်တို့ စောစောစီးစီး ဦးဆောင်ဂိုးပေးခဲ့ရပေမယ့် ပထမပိုင်းမပြီးခင်မှာတင် ချေပဂိုးနဲ့ ဦးဆောင်ဂိုးပြန်ရခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ နောက်ထပ်နှစ်ဂိုးထပ်မံရရှိခဲ့ပြီး ပွဲအပြီးမှာ ယူနိုက်တက်တို့ ၄-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တာပါ။ ဒီပွဲမှာ ယူနိုက်တက်အတွက် တွမ်မီနေး၊ မာရှယ်လ်၊ ရပ်ရှ်ဖို့ဒ်တို့က ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး ပြိုင်ဘက်က ကိုယ့်ဂိုးကိုယ်တဂိုးသွင်းယူမိခဲ့ပါတယ်။ နောက်ထပ်ပြောစရာရှိခဲ့တာက ယူနိုက်တက် လူငယ်ကြယ်ပွင့်တွေရဲ့ ခြေစွမ်းဖြစ်ပါတယ်။
ဒီနေ့ပွဲမှာ ယူနိုက်တက်ကြယ်ပွင့် ဇီဒန်းအစ်ဘယ်လ်က ဒုတိယပိုင်းမှာ လူစားဝင်လာခဲ့ပြီး အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့တယ်လို့ဆိုရမှာပါ။ အဝင်အထွက်တွေမှာ ရဲရင့်မှန်ကန်မှုရှိတဲ့အပြင် ဘောလုံးကို ကောင်းကောင်းကြီး ကစားနိုင်ခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ အသက် (၁၉) နှစ်အရွယ် ဒီကစားသမားလေးက လီဗာပူးကို လေးဂိုးပြတ်နိုင်ခဲ့တဲ့ပွဲမှာလည်း ပြိုင်ဘက်နာမည်ကျော်တွေကို ရှိန်မနေခဲ့ပါဘူး။
အခု ဒီပွဲမှာလည်း ဇီဒန်းက ပြိုင်ဘက်နဲ့ဘောလုံးယှဥ်လုရင်း ဘောလုံးရော၊ သူကိုယ်တိုင်ရော ပြိုင်ဘက်ကို လှလှလှည့်ထွက်ပြသွားခဲ့ပါတယ်။ ယူနိုက်တက်ပရိသတ်တွေကတော့ ဒီကစားပုံအပေါ် အထူးအလေးထား ညွှန်းဆိုနေကြပါတယ်။ “ဇီဒန်းကို အငှားမချဘဲ အသင်းကြီးမှာ သေချာပေါက် အခွင့်အရေးပေးဖို့ ထိုက်တန်ပါတယ်” “သူ့ကို ပွဲထွက်အသုံးပြပြီး တွမ်မီနေးနဲ့ဖရက်ဒ်ကို ချန်ထားလိုက်ပါ”
“ကျနော်တို့ တကယ့်ဇီဒန်းအစစ်ကို ရလိုက်ပြီ” အစရှိသဖြင့် အမျိုးမျိုးချီးကျူးနေကြပါတယ်။ လီဗာပူးနဲ့ပွဲမှာလည်း နောက်ထပ်ကွင်းလယ်ကြယ်ပွင့်တယောက်ဖြစ်တဲ့ ချာလီဆားဗေ့ချ်က ယူနိုက်တက်ဂိုးဧရိယာထိပ်မှာ ဆာလာကို လှလှပပလှည့်စားသွားခဲ့သေးတာကြောင့် ချာလီရဲ့အဖေ ပရီးမီးယားလိဂ်ကစားသမားဟောင်းကြီး ရော်ဘီဆားဗေ့ချ်ကရော၊ ပရိသတ်တွေကပါ ချာလီကို အထူးတလည် ချီးမွမ်းခန်းဖွင့်ခဲ့ရပါတယ်။