ကတိပြုမှုတွေရှိခဲ့ပေမဲ့ ကမ္ဘာ့အပူချိန် မြင့်တက်လာမှုကိုထိန်းထားရန် ရည်မှန်းချက်နဲ့ ‌ဝေးကွာနေဆဲလို့ ဆိုပါတယ်။

ရာသီဥတုဆိုင်ရာ ညီလာခံ COP26 မှာ နိုင်ငံတွေက သဘောတူညီ ကတိပြုမှုတွေရှိခဲ့ပေမဲ့ ကမ္ဘာ့အပူချိန် မြင့်တက်လာမှုကိုထိန်းထားရန် ရည်မှန်းချက်တွေနဲ့ ‌ဝေးကွာနေဆဲဖြစ်ကြောင်း လေ့လာဆန်းစစ်မှုအသစ်က ဖော်ပြပါတယ်။

ထိုလေ့လာဆန်းစစ်က တွက်ချက်မှုအရ ကမ္ဘာကြီးဟာ ၂.၄ ဒီဂရီဆဲလ်စီးယပ် ပိုမိုပူနွေးလာမယ့် အခြေအနေကို ဦးတည်နေပြီး ကမ္ဘာ့နိုင်ငံတွေက ကတိပြုထားခဲ့တဲ့ ပိုမိုပူနွေးမှုကို ၁.၅ ဒီဂရီဆဲလ်စီးယပ်မှာ ထိန်းထားရန် ရည်မှန်းချက်နဲ့ များစွာပိုနေခဲ့ပါတယ်။ COP26 ဟာ ယုံကြည်ထိုက်မှု၊ အရေးယူဆောင်ရွက်မှုနဲ့ ကတိပေးထားပြီး အကောင်အထည်ဖော်မှုအပိုင်းမှာ ကြီးမားတဲ့ ကွာဟချက်ရှိနေတယ်လို့ Climate Action Tracker (CAT) အဖွဲ့က ပြောပါတယ်။



(Photo: Getty Images)

ဂလက်စ်ဂေါမြို့မှာ အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၁၂ ရက်အထိ ကျင်းပပြုလုပ်နေတဲ့ COP26 ညီလာခံဟာ ရာသီဥတုပြောင်းလဲမှု လျှော့ချရေးအတွက် အရေးပါကြောင်း ယူဆထားကြပါတယ်။ သို့သော် ယခုထွက်ပေါ်လာတဲ့ တွက်ချက်ခန့်မှန်းမှုက သစ်တောပြုန်းတီးမှုကို ၂၀၃၀ ခုနှစ်မှာ အဆုံးသတ်ရေး နိုင်ငံ ၁၀၀ ကျော်က သဘောတူညီ ကတိပြုကြောင်း ကြေညာနိုင်ခဲ့ပြီးနောက်ပိုင်း COP26 ကို အကောင်းမြင် မျှော်လင့်ထားမှုနဲ့ ဆန့်ကျင်ကွဲလွဲနေပါတယ်။

ကမ္ဘာ့အပူချိန်ဟာ စက်မှုလုပ်ငန်း မထွန်းကားမီအချိန်ကထက် ၂ ဒီဂရီဆဲလ်စီးယပ် ပိုမိုမြင့်တက်ခဲ့ပါက လူဦးရေ ၁ ဘီလီယံဟာ ပြင်းထန်တဲ့ အပူချိန်နဲ့ စိုစွတ်မှု သက်ရောက်ခံစားရနိုင်ကြောင်း ဗြိတိန်မိုးလေဝသဌာန Met Office က သတိပေးခဲ့ပြီးနောက် ခန့်မှန်းချက်ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။ CAT ရဲ့ ခန့်မှန်းချက် အစီရင်ခံစာဟာ COP26 မတိုင်မီနဲ့ ကျင်းပနေစဥ်အတွင်း အစိုးရတွေက ကတိပြုမှုတွေအပေါ် အခြေခံခဲ့တယ်လို့ ဆိုပါတယ်။

(Photo: Reuters)

ကမ္ဘာတစ်ဝန်း အပူချိန်မြင့်တက်လာမှုကို ၁.၅ ဒီဂရီဆဲလ်စီးယပ်မှာ ထိန်းထားခြင်းက ပူနွေးမှုကြောင့် ရာသီဥတုပြောင်းလဲရာမှ ဖြစ်ပေါ်လာမယ့် အန္တရာယ်ရှိတဲ့ သက်ရောက်မှု အများစုကို ကာကွယ်နိုင်လိမ့်မယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။ ရာသီဥတုဆိုင်ရာ ညီလာခံကို ၂၀၁၅ ခုနှစ်က ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ကျင်းပပြုလုပ်ခဲ့စဥ် ပိုမိုပူနွေးလာမှုကို ၁.၅ ဒီဂရီဆဲလ်စီးယပ်အောက်မှာ ထိန်းထားရန်အပါအဝင် အန္တရာယ်ရှိတဲ့ ရာသီဥတုပြောင်းလဲမှုကို ရှောင်လွှဲရေးအတွက် အစီအစဥ်တစ်ရပ် ချမှတ်ခဲ့ပါတယ်။

သို့သော် ကတိကဝတ်တွေထက် အစိုးရတွေရဲ့ အမှန်တစ်ကယ် မူဝါဒတွေကို လေ့လာဆန်းစစ်ပြီးနောက် ကမ္ဘာ့ကြီးဟာ ၂၁၀၀ ပြည့်နှစ်မှာ ၂.၇ ဒီဂရီဆဲလ်စီးယပ် ပိုမိုပူလာမယ်လို့ ခန့်မှန်းရကြောင်း CAT က ပြောပါတယ်။ CAT အဖွဲ့ကို ဂျာမနီနိုင်ငံမှ ဂုဏ်သိက္ခာရှိ Potsdam Institute for Climate Impact Research အပါအဝင် အဖွဲ့အစည်း အများအပြားက ကျောထောက်နောက်ခံပြုထားပါတယ်။

အစိုးရတွေရဲ့ မူဝါဒတွေက ကမ္ဘာ့အပူချိန်ကို ၃.၆ ဒီဂရီဆဲလ်စီးယပ် မြင့်တက်စေနိုင်ကြောင်း CAT က ၂၀၁၅ ခုနှစ်မှာ ခန့်မှန်းထားခဲ့ခြင်းဖြစ်ရာ ကမ္ဘာ့အခြေအနေဟာ တိုးတက်လာခဲ့တယ်လို့ ထိုအဖွဲ့က ပြောပါတယ်။ ၂၀၃၀ ခုနှစ်မှာ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုလျှော့ချရေးကို ဦးတည်တဲ့တိုးတက်မှု အကန့်အသတ်ဖြစ်နေမှုအတွက် အစိုးရတွေထံမှ အရှိန်မြှင့်လုပ်ဆောင်မှု မရှိခြင်းအပေါ် CAT က အပြစ်တင်ခဲ့ပါတယ်။

Ref: BBC, Reuters

Share

Loading Next Article...
က္က