လူကာကူတယောက် ပြီးခဲ့တဲ့ ဒီဇင်ဘာတည်းက အင်တာကို ပြန်ဆက်သွယ်နေတာပါ။

ချဲလ်ဆီးတိုက်စစ်မှူး လူကာကူဟာ ပြီးခဲ့တဲ့ ဆောင်းရာသီအပြောင်းအရွှေ့မတိုင်ခင်တည်းက အင်တာမီလန်ကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတယ်လို့ သိရှိရပါတယ်။ အဆိုပါ ဘယ်လ်ဂျီယံလက်ရွေးစင် တိုက်စစ်မှူးဟာ ခရစ္စမတ်ကာလတည်းက အင်တာမီလန်ဘက်ကို မက်ဆေ့ချ်တွေ ဆက်တိုက်ပို့နေခဲ့တာပါ။



လူကာကူဟာ (၂၀၂၂) နှစ်သစ်ကူးကာလမှာ စကိုင်းစပေါ့နဲ့ အငြင်းပွားဖွယ် သီးသန့်အင်တာဗျူးကို ပြုလုပ်ခဲ့ပြီး ချဲလ်ဆီးက သူ့အတွက် ရွေးချယ်စရာမရှိတာကြောင့်သာ ရောက်ရှိလာခဲ့တဲ့သဘောမျိုး ပြောကြားခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း နည်းပြတူဟယ်လ်၊ အသင်းပရိသတ်တွေနဲ့ သူ့အကြား ဆက်ဆံရေးက အေးခဲသွားခဲ့ပြီး လက်ကျန်ရာသီဝက်မှာ လူကာကူတယောက် ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရပါတယ်။

လူကာကူဟာ ပြီးခဲ့တဲ့နွေရာသီကမှ အင်တာမီလန်ကနေ ချဲလ်ဆီးကို ရောက်ရှိလာခဲ့ပေမယ့် အသင်းပြောင်းပြီး (၃) လမပြည့်တပြည့်မှာတင် အင်တာမီလန်ကို ပြန်ပြောင်းဖို့ ဆန္ဒရှိခဲ့တာပါ။ နာမည်ကျော် အပြောင်းအရွှေ့ကျွမ်းကျင်သူ ဒီမာဇီယိုက လူကာကူ အင်တာမီလန်ကို ဘယ်လောက်အထိပြန်ချင်နေလဲဆိုတဲ့အကြောင်းတွေကို အသေးစိတ်ဖော်ပြခဲ့ပါတယ်။

ဒီမာဇီယိုရဲ့ဖော်ပြချက်အရ လူကာကူဟာ ခရစ္စမတ်ကာလတည်းက အင်တာမီလန်အသင်းဆီကို သီးသန့်မက်ဆေ့ချ်အပြင် လူသိရှင်ကြား စကားပြောဆိုမှုတွေရှိခဲ့ကြောင်း၊ ဒါ့အပြင် အင်တာမီလန်အသင်းဒါရိုက်တာတွေနဲ့နည်းပြ၊ အသင်းဖော်ဟောင်းတွေနဲ့ နောက်ဆုံး အသင်းဥက္ကဌအထိ ဆက်သွယ်ပြီး အင်တာမီလန်ကို ပြန်လာဖို့ လစာ သုံးပုံတပုံလျှော့ယူမယ်လို့ ကမ်းလှမ်းခဲ့ကြောင်း သိရှိရပါတယ်။

အင်တာမီလန်အနေနဲ့ လူကာကူကို အပြီးသတ်ဝယ်ယူနိုင်မှာမဟုတ်ပေမယ့် နှစ်ရာသီအငှားစာချုပ်နဲ့ ခေါ်ယူနိုင်စွမ်းရှိပါတယ်။ ဒါ့အပြင် ဒီလိုအငှားခေါ်ယူထားတဲ့ကာလအတွင်း လူကာကူက သူ့လစာကို လျှော့ယူမှာဖြစ်ပြီး ချဲလ်ဆီးကလည်း လူကာကူရဲ့လစာကို မျှဝေကျခံပေးသွားမယ်လို့လည်း နောက်ဆုံးရသတင်းတွေက ဖော်ပြထားပါတယ်။ 

Share

က္က