ပေါ့ဘာက ဒဏ်ရာကြောင့် ကာလရှည်အနားယူရတော့မှာပါ။

ယူနိုက်တက် ကွင်းလယ်လူ ပေါ့ဘာဟာ မနေ့က ပြုလုပ်ခဲ့တဲ့ ပြင်သစ်လက်ရွေးစင်ရဲ့ လေ့ကျင့်ခန်းအစီအစဥ်မှာ ရရှိခဲ့တဲ့ဒဏ်ရာကြောင့် အနည်းဆုံးနှစ်ကုန်အထိ အနားယူရတော့မယ်လို့ သိရှိရပါတယ်။ ပေါ့ဘာအနေနဲ့ ကာဇက်စတန်၊ ဖင်လန်တို့နဲ့ ကစားမယ့် (၂၀၂၂) ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအတွက် ပြင်သစ်လူစာရင်းမှာ ရွေးချယ်ခံထားရတာပါ။



ဒါပေမယ့် မနေ့ကဒဏ်ရာကြောင့် ပေါ့ဘာအနေနဲ့ ပြင်သစ်လူစာရင်းကနေ နှုတ်ထွက်ခဲ့ပြီး ပြင်သစ်ကလည်း ပေါ့ဘာရဲ့နေရာအတွက် ရိုးမားကစားသမား ဗာရီတော့ကို အစားထိုးရွေးချယ်ခဲ့ရပါတယ်။ ပေါ့ဘာဟာ ဂိုးပေါက်ကန်သွင်းမှု လေ့ကျင့်ခန်းအစီအစဥ်မှာ ဘောလုံးကို ကန်လိုက်ရင်း ညာဘက်ပေါင်ခြံဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး ဒါကိုတော့ RMC Sport ကတင်ထားတဲ့ ဗီဒီယိုမှတ်တမ်းမှာ မြင်တွေ့ခဲ့ရပါတယ်။

ပေါ့ဘာဟာ ဒီဒဏ်ရာကြောင့် (၈) ပတ်ကနေ (၁၀) ပတ်အထိ အနားယူရမယ်လို့ ဆေးစစ်ချက်ထွက်ပေါ်လာခဲ့ပြီး အနည်းဆုံးဒီနှစ်ကုန်အထိ ယူနိုက်တက်ရဲ့ ပွဲစဥ်တွေကို လွဲချော်သွားဖို့ ရှိနေပါပြီ။ ယူနိုက်တက်ကွင်းလယ်က တော်တော်လေးအားနည်းနေတဲ့ နေရာဖြစ်ပြီး ပေါ့ဘာရဲ့ ဒဏ်ရာသတင်းက ရလဒ်တွေဆိုးနေတဲ့ ယူနိုက်တက်အတွက် တော်တော်လေးစိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။

ပေါ့ဘာဟာ လီဗာပူးနဲ့ပွဲမှာ အနီကတ်ထိခဲ့တာကြောင့် ပွဲပယ်ခံရသေးပေမယ့် နည်းပြဆိုးလ်ရှားကတော့ သူ့ကိုအသုံးပြုဖို့ထက် ဖရက်ဒ်နဲ့တွမ်မီနေးအတွဲကိုသာ ပိုမိုအသုံးပြုဖို့ ဆန္ဒရှိနေတာပါ။ ဒီကစားသမားနှစ်ယောက်လုံးရဲ့ခြေစွမ်းက တော်တော်လေးဆိုးရွားလွန်းပြီး ပရိသတ်တွေရော၊ ရုပ်သံဝေဖန်သုံးသပ်သူတွေကပါ ပြင်းပြင်းထန်ထန် ဝေဖန်နေကြပါတယ်။

ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းဆိုရင် ဖရက်ဒ်နဲ့တွမ်မီနေးနှစ်ယောက်လုံးက ယူနိုက်တက်အတွက် သင့်တော်တဲ့ ကစားသမားတွေမဟုတ်ဘူးလို့တောင် ဆိုထားပေမယ့် ဆိုးလ်ရှားကတော့ ဒီကစားသမားတွေကို ကာကွယ်ပေးနေဆဲလည်းဖြစ်ပါတယ်။ လက်ရှိယူနိုက်တက် လူစာရင်းမှာ အဓိကနောက်ခံလူ ဗာရန်းလည်း ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေရပြီး ဗာရန်းကတော့ နိုဝင်ဘာလကုန်အထိ အနားယူရမှာဖြစ်ပါတယ်။

အခုချိန်မှာလည်း ပေါ့ဘာရဲ့ဒဏ်ရာသတင်းက ယူနိုက်တက်ပရိသတ်တွေအတွက် အကြီးအကျယ်စိတ်ပျက်စရာဖြစ်ခဲ့ပြီး ရလဒ်ဆိုးတွေကြားထဲမှာ ကမ္ဘာကြီးနှစ်ခြမ်းကွဲခဲ့ရင်တောင် ဖရက်ဒ်နဲ့တွမ်မီနေးကိုပဲ ကွင်းထဲမှာ ဆက်လက်မြင်တွေ့ရတော့မှာလည်းဖြစ်ပါတယ်။ 

Share

က္က