ယူနိုက်တက်အသင်းခေါင်းဆောင် မက်ဂွိုင်းရားဟာ လာမယ့်နွေရာသီမှာ အသင်းကနေ ထွက်ခွာဖို့ ဆန္ဒမရှိဘဲ ပုံမှန်ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်သွားဖို့ ပြင်ဆင်ထားကြောင်း သိရှိရပါတယ်။ ဒီကစားသမားဟာ ပြီးခဲ့တဲ့ရာသီ တန်ဟက်ခ်လက်ထက်မှာ ယူနိုက်တက်အတွက် လိဂ်ပွဲ (၈) ပွဲသာ ကစားခွင့်ရရှိခဲ့တာပါ။
သူ့အနေနဲ့ ယူနိုက်တက်အသင်းခေါင်းဆောင်တစ်ယောက်ဖြစ်ပေမယ့် ဗဟိုနောက်ခံလူနေရာအတွက် လေးယောက်မြောက် ဦးစားပေး ကစားသမားအဖြစ်သာရှိနေပြီး ဗာရန်း၊ လီဆန်ဒရိုမာတီနက်ဇ်၊ လင်ဒီလော့ဖ်တို့ရဲ့နောက် အရန်ခုံမှာ ထိုင်နေရတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ယူနိုက်တက်က နာပိုလီနောက်ခံလူ ကင်မင်ဂျေးကို ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။
ယူနိုက်တက်ဟာ ကင်မင်ဂျေးကို အပြောင်းအရွှေ့စတင်ဖွင့်လှစ်မယ့် ဇူလိုင်လ (၁) ရက်နေ့ကနေ (၁၅) ရက်နေ့အတွင်း အရခေါ်ယူဖို့ ပြင်ဆင်ထားပြီး သူ့အတွက် စာချုပ်လျော်ကြေး ပေါင် (၅၂) သန်း ပေးချေသွားဖို့ ပြင်ဆင်ထားပါတယ်။ အဲ့ဒါကြောင့်လည်း တစ်ဖက်မှာ မက်ဂွိုင်းရားကို ရောင်းချပြီး တန်ဟက်ခ်က ပြောင်းရွှေ့ကြေး ပြန်လည်ရှာဖွေသွားဖို့ ပြင်ဆင်ထားပါတယ်။
အဆိုပါ လက်စတာနောက်ခံလူဟောင်း မက်ဂွိုင်းရားကို ခေါ်ယူဖို့အတွက် ပရီးမီးယားလိဂ်အသင်းတွေဖြစ်တဲ့ အက်စတွန်ဗီလာ၊ စပါးတို့က စိတ်ဝင်စားနေပါတယ်။ ဒါပေမယ့်လည်း မက်ဂွိုင်းရားကတော့ ယူနိုက်တက်မှာသာ ဆက်နေလိုတာကြောင့် တန်ဟက်ခ်အတွက် ခေါင်းကိုက်စရာဖြစ်နေခဲ့ပါတယ်။
မက်ဂွိုင်းရားဟာ တန်ဟက်ခ်ရောင်းချလိုတဲ့ ကစားသမားစာရင်းမှာ ပါဝင်နေပြီး သူ့အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှုတွေသာ ရရှိလာခဲ့ရင် ရောင်းချသွားဖို့ အသင်းဘက်က ပြင်ဆင်ထားပါတယ်။ ဒါပေမယ့် ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင်ကြီးကတော့ အသင်းမှာသာ ဆက်နေဖို့ ပြင်ဆင်ထားတာကြောင့် အသင်းအတွက်ရော၊ တန်ဟက်ခ်အတွက်ရော ခေါင်းကိုက်စရာဖြစ်လာဖို့ရှိနေပါတယ်။