မက်ဆီနဲ့ပတ်သက်လို့ အသင်းဖော် ဟာရဲရားက ပြောကြားလာတာပါ။

PSG ကွင်းလယ်လူ အန်ဒါဟာရဲရားက အသင်းဖော် မက်ဆီနဲ့ ပတ်သက်လို့ ချီးကျူးစကားပြောကြားလာပြီး မက်ဆီရဲ့ အကောင်းဆုံးပုံစံကိုမြင်ရဖို့အတွက် အသင်းဖော်တွေမှာ ဝန်းရံပေးဖို့ တာဝန်ရှိတယ်လို့ ဆိုပါတယ်။



မက်ဆီဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဘာစီလိုနာကို စွန့်ခွာလာပြီးနောက် ပြင်သစ်လီဂူးကလပ် PSG ကို ပြောင်းရွှေ့လာခဲ့တာပါ။ မက်ဆီအနေနဲ့ ပြင်သစ်လီဂူးမှာ သွင်းဂိုး (၁) ဂိုးသာ သွင်းယူထားနိုင်ပြီး ရုန်းကန်နေရတယ်ဆိုပေမယ့် ချန်ပီယံလိဂ်မှာတော့ အသင်းနဲ့အတူ ခြေစွမ်းပြရင်း ရှုံးထွက် (၁၆) သင်းအဆင့်ကို တက်ရောက်ခဲ့ပြီးပါပြီ။

မက်ဆီအနေနဲ့ ပြင်သစ်လီဂူးမှာ အမ်ဘာပေရဲ့ လောင်းရိပ်အောက် ရောက်နေတယ်လို့တောင် ဆိုနေကြပြီး နောက်ဆုံးကစားခဲ့တဲ့ လော်ရီးယန့်နဲ့ပွဲမှာ မက်ဆီက နေမာ၊ အမ်ဘာပေ နှစ်ယောက်လုံးမပါဘဲနဲ့ အသင်းရဲ့ တိုက်စစ်ကို ဦးဆောင်ခဲ့ရပါတယ်။

လက်ရှိအချိန်မှာ ဟာရဲရားက “မက်ဆီလို အဆင့်အတန်းမျိုးရှိတဲ့ ကစားသမားတွေအတွက် နေရာသစ်မှာ အသားကျဖို့ဆိုတာ အချိန်ခဏပဲ ယူရတာပါ။ သူက ပြင်သစ်မှာရော၊ စပိန်မှာရော၊ ဂျပန်မှာရော ဒါမှမဟုတ် မာဒါဂတ်စကာမှာပါ ဒီပုံစံအတိုင်းပဲ ခြေစွမ်းပြနိုင်တဲ့ ကစားသမားဖြစ်ပါတယ်”

“သူ့ရဲ့ ကစားသမားဘဝအတွက်လည်း (၇) ကြိမ်မြောက် ဘလွန်းဒီအော်ဆုကို ဆွတ်ခူးပြီးပါပြီ။ အခုဆိုလည်း ပျော်ပျော်ပါးပါးကြီး လေ့ကျင့်ခန်းဆင်းနေပါတယ်။ လေ့ကျင့်ခန်းဆင်းရတာကိုတောင် ပေါ့ပျက်ပျက်နဲ့ ဟာသလုပ်လေ့မရှိပါဘူး”

“မက်ဆီရဲ့ အကောင်းဆုံးပုံစံကို မန်စီးတီးနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်အိမ်ကွင်းပွဲမှာ ကျနော်တို့ မြင်ခဲ့ပြီးသားပါ။ ဒါပေမယ့် မက်ဆီကို ဝန်းရံပေးဖို့ အားလုံးမှာ တာဝန်ရှိပါတယ်။ သူ့ဆီက အကောင်းဆုံးပုံစံကိုမြင်ရဖို့ ကျနော်တို့က ကိုယ့်တာဝန်ကိုယ်ယူဖို့ လိုအပ်ပါတယ်။ ပုံမှန်ကစားသမားတွေက အသင်းသစ်မှာ အသားကျဖို့ အချိန်ယူရပါတယ်။ ဒါပေမယ့် ကျနော်တို့ အခုပြောနေတာက သမိုင်းတလျှောက် အကောင်းဆုံး ကစားသမားတယောက်ရဲ့အကြောင်းပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က