ရိုးမားရဲ့ ဆယ်ကျော်သက်ကြယ်ပွင့် ခရစ္စတီယန်ဗိုလ်ပါတိုဟာ သြစတြေးလျလက်ရွေးစင်အသင်းရဲ့ (၂၀၂၂) ကာတာကမ္ဘာ့ဖလားပြိုင်ပွဲဝင် လူစာရင်းမှာ ပါဝင်ဖို့ နည်းပြရဲ့ ရွေးချယ်ခြင်းကို ခံခဲ့ရပေမယ့် ငြင်းဆန်ခဲ့ကြောင်း သိရှိရပါတယ်။ သြစတြေးလျလက်ရွေးစင်နည်းပြချုပ် ဂရေဟမ်အာနိုးလ်ဟာ အဆိုပါ ကြယ်ပွင့်ကို (၃) ကြိမ်တိုင်တိုင် စည်းရုံးခဲ့တာပါ။
ဒါပေမယ့် အသက် (၁၈) နှစ်အရွယ် အဆိုပါ ကွင်းလယ်တိုက်စစ်ကစားသမားလေးကတော့ သြစတြေးလျနဲ့အတူ ကမ္ဘာ့ဖလားမှာ ပါဝင်ဖို့အတွက် ငြင်းဆန်သွားခဲ့ပါတယ်။ ဗိုလ်ပါတိုဟာ အီတလီ ယူ-၁၉ အသင်းကို ကိုယ်စားပြု ကစားခဲ့ပြီး လက်ရှိအချိန်မှာ သူ့အနေနဲ့ အီတလီနဲ့သြစတြေးလျ နှစ်နိုင်ငံအနက် တနိုင်ငံကို ရွေးချယ်ပိုင်ခွင့်ရှိနေပါတယ်။ ဒီကစားသမားဟာ အီတလီအတွက်ပဲ ကစားပေးလိုတဲ့ ဆန္ဒရှိနေပုံရပါတယ်။
ဂရေဟမ်အာနိုးလ်ဟာ ကမ္ဘာ့ဖလားအတွက် သူ့ရဲ့ (၂၆) ယောက် အပြီးသတ် လူစာရင်းကို အင်္ဂါနေ့က ထုတ်ပြန်ကြေညာခဲ့ပြီး ဒီစာရင်းမှာ ဗိုလ်ပါတို မပါဝင်လာခဲ့ပါဘူး။ ဒီအကြောင်းနဲ့ပတ်သက်လို့ အာနိုးလ်က “ဗိုလ်ပါတိုကို အပြီးသတ်လူစာရင်းမှာ ပါဝင်တဲ့အကြောင်း ကျနော် ပြောပြခဲ့ပါတယ်။ ဒါပေမယ့် သူက မပါဝင်ချင်ဘဲ ဒီအကြောင်းကို စဥ်းစားခဲ့ပါတယ်”
“သူ့အနီးနားက လူတွေ၊ သူ့ရဲ့ ကစားသမားဘဝကို လမ်းပြနေတဲ့လူတွေနဲ့ စကားပြောလိုခဲ့ပါတယ်။ အဲ့ဒီနောက် ညပိုင်းမှာ သူ ပြန်ရောက်လာပြီး ကျနော့်ရဲ့ ကမ်းလှမ်းချက်ကို ငြင်းဆန်လိုက်ပါတယ်။ သြစတြေးလျနဲ့အတူ ကမ္ဘာ့ဖလားမှာ ပါဝင်ကစားဖို့ကိုပေါ့။ နောက်ဆုံးမှာတော့ သူ့ရဲ့ ဆုံးဖြတ်ချက်က ဒါပဲဖြစ်ခဲ့တာပါ။ ည (၁၂) နာရီလောက်အထိ ကျနော် သူ့ကို စည်းရုံးခဲ့တာပါ”
“အခုကိစ္စက ကျနော့်ဆုံးဖြတ်ချက် မဟုတ်ခဲ့ပါဘူး။ ကျနော် မနေ့ကတင် သူနဲ့ သုံးခါလောက် စကားပြောခဲ့ပါတယ်။ နောက်ဆုံးအချိန်မတိုင်ခင်အထိ ကျနော် သူ့ကို အကြိမ်ပေါင်းများစွာ စည်းရုံးခဲ့ပါသေးတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ဗိုလ်ပါတိုဟာ ပြီးခဲ့တဲ့ (၂၀၂၁) မှာ သြစတြေးလျမြေကနေ ရိုးမားကိုရောက်ရှိလာခဲ့ပြီး ရောမမြို့ခံအသင်းအတွက် ပြိုင်ပွဲစုံ (၈) ပွဲသာ ကစားရသေးပြီး (၂) ဂိုးသာ သွင်းယူထားနိုင်ပါသေးတယ်။