ကာတာဟာ ဒိုဟာမြို့လယ်ခေါင်မှာ တည်ရှိတဲ့ နိုင်ငံခြားသားအလုပ်သမားတွေနေထိုင်ရာ အဆောက်အအုံတွေကနေ အလုပ်သမားတွေကို နှင်ထုတ်ခဲ့တယ်လို့ သိရပါတယ်။ ထောင်နဲ့ချီတဲ့ အလုပ်သမားတွေဟာ နေထိုင်ရာနေရာကနေ နှင်ထုတ်ခံခဲ့ရတာဖြစ်ပြီး ကြိုတင်ပြောဆိုမှုမရှိသလို ပြင်ဆင်ချိန်လည်း နည်းပါးစွာပေးခဲ့လို့ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရကြောင်း အလုပ်သမားတွေက Reuters သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။
အာရှနဲ့ အာဖရိကအလုပ်သမားတွေအများစုဟာ သူတို့နေထိုင်ရာ အဆောက်အအုံအပြင်ဘက်က လူသွားလမ်းတွေပေါ်မှာ အိပ်ယာတွေခင်းကျင်းပြီး နေထိုင်နေရတယ်လို့လည်း သိရပါတယ်။ အာဏာပိုင်တွေဟာ ဒါဇင်နဲ့ချီတဲ့ အဆောက်အအုံတွေကို ပိတ်သိမ်းခဲ့ကြပါတယ်။ ဒါဟာ ကာတာရဲ့ အလုပ်သမားတွေအပေါ် ပြုမူဆက်ဆံမှုတွေနဲ့ တင်းကျပ်တဲ့လူမှုရေးဥပဒေတွေကို နိုင်ငံတကာက ဝေဖန်နေချိန်မှာ ဒီအဖြစ်အပျက်က ထပ်မံထွက်ပေါ်လာခဲ့တာပါ။
စည်ပင်သာယာရေးတာဝန်ရှိသူတွေဟာ ဒေသစံတော်ချိန် ည ၁၀း၃၀ နာရီမှာ ရောက်ရှိလာခဲ့ပြီး အလုပ်သမားတွေကို အတင်းတွန်းထုတ်ကာ ပြင်ဆင်ချိန် ၂ နာရီသာပေးခဲ့တယ်လို့ သိရပါတယ်။ ဒီအတွက်ကြောင့် နေထိုင်ရာအိမ်ဆီ ပြန်မရောက်သေးတဲ့ အလုပ်သမားတချို့ဟာ သူတို့ရဲ့ ပစ္စည်းတွေကို စုဆောင်းဖို့ အချိန်မမီဖြစ်ခဲ့ရတယ်လို့လည်း သိရပါတယ်။
ဒီအလုပ်သမားတွေနေထိုင်ရာနေရာဟာ ဘောလုံးပရိသတ်တွေလာရောက်ပါက လည်ပတ်နေထိုင်မယ့် ဧရိယာထဲမှာ ရှိတယ်လို့လည်း သိရပါတယ်။ ကာတာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပဖို့အတွက် လုပ်အားခစျေးပေါတဲ့ နိုင်ငံခြားသားလုပ်သားအများအပြားကို ခေါ်ယူအသုံးပြုခဲ့ရာမှာ ခေါင်းပုံဖြတ်အမြတ်ထုတ်မှုတွေ၊ ခွဲခြားဆက်ဆံမှုတွေကြောင့် နာမည်ပျက်ခဲ့ရပြီး လူ့အခွင့်အရေးအဖွဲ့အစည်းတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ရပါသေးတယ်။
ဒီပြိုင်ပွဲနဲ့ပတ်သက်ပြီး နာမည်ကျော်ကစားသမားဟေင်းကန်တိုနာကိုယ်တိုင်ကလည်း ဝေဖန်မှုတွေပြလုပ်ခဲ့ဖူးပါတယ်။ ဒါ့အပြင် နော်ဝေကစားသမားတွေကလည်း ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ ကာတာရဲ့ လုပ်ရပ်ကို ဆန့်ကျင်တဲ့ စာသားပါ တီရှပ်တွေဝတ်ဆင်ကာ လေ့ကျင့်ခန်းဆင်းခဲ့ပြီး ဒီလုပ်ရပ်တွေကို လက်မခံနိုင်ဘူးလို့ ပြသခဲ့ဖူးပါတယ်။