မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုနွေရာသီမှာ ဖရန့်ဖွတ် တိုက်စစ်မှူး ရန်ဒဲလ် ကိုလို မူအာနီကို အသင်းစံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ ဂျာမနီက သတင်းတွေအရ သိရပါတယ်။
အသက် ၂၄ နှစ်အရွယ်တိုက်စစ်မှူးဟာ ဖရန့်ဖွတ်နဲ့အတူ ထူးခြားတဲ့ရာသီကို ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး ယခုရာသီမှာ သွင်းဂိုး ၁၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၀ ကြိမ် ပြုလုပ်ပေးထားနိုင်ခဲ့တာကြောင့် ဥရောပထိပ်တန်းလိဂ် ၅ ခုမှာ လီယွန်နယ် မက်ဆီ၊ နေမာတို့နဲ့အတူ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု ၂ ခုစလုံးမှာ ကိန်းဂဏန်းအရေအတွက် ၂ ခုအထိ ပြုလုပ်ထားနိုင်တဲ့ ကစားသမား ၃ ဦးထဲက တစ်ဦးအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။
ကိုလို မူအာနီဟာ ပြီးခဲ့တဲ့ နွေရာသီကမှ ပြင်သစ်လီဂူးဝမ်းကလပ် နွန့်စ်ကနေ အလွတ်နဲ့ ဖရန့်ဖွတ်ကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပေမယ့်လည်း ၎င်းရဲ့ တောက်ပတဲ့ စွမ်းဆောင်ရည်ကြောင့် ဥရောပထိပ်တန်းကလပ်အသင်းတွေနဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်၊ လီဗာပူးလ်တို့လို အသင်းတွေနဲ့လည်း သတင်းတွေထွက်နေခဲ့တဲ့ ပြင်သစ်တိုက်စစ်မှူးကို မန်ချက်စတာယူနိုက်တက်ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပုံ ပေါ်နေတာ ဖြစ်ပါတယ်။ ဂျာမန်သတင်းဌာန Bild ရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်ဟာ မူအာနီကို ခေါ်ယူဖို့အတွက် ထိပ်ဆုံးကနေ တန်းစီနေပြီး ယူရိုသန်း ၁၂၀ ဝန်းကျင်နဲ့ ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ဖရန့်ဖွတ်အသင်းဟာ မူအာနီနဲ့ စာချုပ်သက်တမ်းက ၂၀၂၇ ခုနှစ်အထိ ကျန်ရှိနေသေးတာကြောင့် ရောင်းချဖို့ ဖိအားမရှိနေပေမယ့်လည်း ကြီးမားတဲ့ ပြောင်းရွှေ့ကြေးပမာဏနဲ့ဆိုရင်တော့ လက်ခံသွားဖွယ်ရှိနေတာဖြစ်ပါတယ်။