မက်ဆီနဲ့ ဘတ်ပီတို့ရဲ့ ဂျာစီတွေ လက်မလည်အောင်ရောင်းချနေရပြန်တာပါ။

ကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီးမှာတော့ ပီအက်စ်ဂျီတို့ ပွပေါက်တိုးခဲ့ပြန်ပါပြီ။ အဲဒါကတော့ မက်ဆီနဲ့ ဘတ်ပီတို့ရဲ့ ဂျာစီဝယ်ယူမှုတွေဟာ ၂၀၀% အထိ မြင့်တက်ခဲ့ပြီး လက်မလည်အောင်ကို ရောင်းချနေရတယ်ဆိုတာပါပဲ။ ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြခဲ့တဲ့ သူတို့ကစားသမားနှစ်ယောက်ကြောင့် ပီအက်စ်ဂျီတို့ ဝင်ငွေရပေါက်တွေ ထပ်မံပြီး မြင့်တက်လာခဲ့တာပါ။ 

မက်ဆီနဲ့ ဘတ်ပီတို့ဟာ အာဂျင်တီးနားနဲ့ ပြင်သစ်အတွက် ကိုယ်စီခြေစွမ်းပြခဲ့ပြီး ဗိုလ်လုပွဲအထိ ပို့ဆောင်ပေးခဲ့တာပါ။ ဗိုလ်လုပွဲမှာ မက်ဆီက အနိုင်ရခဲ့ပြီး ဘတ်ပီကတော့ ရွှေဖိနပ်ဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ပီအက်စ်ဂျီကစားသမားနှစ်ဦးရဲ့ ခြေစွမ်းပြသမှုက တကမ္ဘာလုံးက ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့ပြီး ပရိသတ်အားပေးမှုလည်း ပိုမိုရရှိလာခဲ့တယ်ဆိုတာကို ဂျာစီဝယ်ယူမှုတွေအရ ခန့်မှန်းနိုင်ပါတယ်။ 

ဝယ်ယူသူ ၄၀% ဟာ အမေရိကန်ကဖြစ်ပြီး ဒါဟာ ဘောလုံးကို ဘတ်စကတ်ဘော၊ ရပ်ဂ်ဘီ၊ ဖွတ်ဘောတို့ထက် စိတ်ဝင်စားမှုနည်းပါးတဲ့ နိုင်ငံကနေ ထူးခြားတဲ့ ဝယ်ယူမှုပဲဖြစ်ပါတယ်။ ပီအက်စ်ဂျီဟာ မက်ဆီကို ခေါ်ယူခဲ့စဉ်ကလည်း စံချိန်တင်ရောင်းချရတဲ့အထိကို လက်မလည်အောင်ဖြစ်ခဲ့ရပြီး ပစ္စည်းပြတ်တောက်တာတွေကိုပါ ရင်ဆိုင်ခဲ့ရလို့ ဖောက်သည်တွေကို တောင်းပန်ခဲ့ရဖူးပါတယ်။ 

အခုလည်း သူတို့က နောက်ထပ်တကြိမ် ဂျာစီတွေအလုံးအရင်းနဲ့ ရောင်းချနေရလို့ သူတို့ကစားသမားတွေကြောင့် အသင်းပုံရိပ်မြင့်တက်လာသလို စီးပွားရေးအရလည်း ကောင်းကောင်းကြီးအလုပ်ဖြစ်နေခဲ့ပါတယ်။ ဒီကစားသမားတွေအတွက် လုပ်ခလစာအများအပြားပေးချေရမှုနဲ့ ထိုက်တန်တဲ့ အကျိုးအမြတ်ကိုလည်း ပြန်လည်ရရှိနေတာဖြစ်ပြီး ကမ္ဘာ့ဖလားမှာ ပီအက်စ်ဂျီတို့ အမြတ်ထွက်ခဲ့တယ်လို့ ပြောရပါတော့မယ်။ 

Share

Loading Next Article...
က္က