ကမ္ဘာ့ဖလား အချိန်ခရီးသွားလို့ ကိုယ့်ဘာသာ နာမည်ပေးထားတဲ့ TikTok အသုံးပြုသူရဲ့ ဟောကိန်းဟာ လက်ရှိအချိန်အထိ မှန်ကန်နေဆဲဖြစ်ပြီး အင်္ဂလန်အသင်းအတွက်တော့ မနှစ်မြို့စရာ ဖြစ်ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့လက 'ကမ္ဘာ့ဖလားအချိန်ခရီးသွား'လို့ အမည်ပေးထားတဲ့အကောင့်ဟာ TikTok ပေါ်မှာ ဘရာဇီးလ်အသင်းက ကမ္ဘာ့ဖလားကို ၆ ကြိမ်မြောက် ကိုင်မြှောက်နေတာကို ပြသနေတဲ့ နောက်ထပ် ၃ ပတ်လောက်ကြိုရောက်နေတဲ့ တယ်လီဗွီးရှင်းရုပ်သံကို မျှဝေခဲ့တာဖြစ်ပါတယ်။ တီတီရဲ့အသင်းဟာ ကာတာက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရင်သပ်ရှုမောဖွယ်ကောင်းနေခဲ့တာဖြစ်ပြီး တောင်ကိုရီးယားကို တနင်္လာနေ့က ၁၆ သင်းရှုံးထွက်အဆင့်မှာ ၄-၁ နဲ့ အပြတ်အသတ် ချေမှုန်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဘရာဇီးလ်ဟာ ကွာတားဖိုင်နယ်အဆင့်မှာ ခရိုအေးရှားနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပေမယ့်လည်း အချိန်ခရီးသွားသူရဲ့ ပြောကြားချက်အရ တောင်အမေရိကအသင်းဟာ ခရိုအေးရှားအပါအဝင် ဆီမီးဖိုင်နယ်က ပြိုင်ဘက်ကိုပါ ဖြတ်ကျော်ပြီး ဗိုလ်လုပွဲမှာ လက်ရှိ ကမ္ဘာ့ချန်ပီယံတွေဖြစ်တဲ့ ပြင်သစ်ကို အနိုင်ယူသွားမယ်လို့ သိရပါတယ်။ "ဘရာဇီးလ်က ၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပြင်သစ်ကို အနိုင်ယူနိုင်ခဲ့တယ်။ ကျွန်တော်က အချိန်ခရီးသွားပါ။ ခင်ဗျားကို ပြီးခဲ့တဲ့နှစ်ကလိုပဲ ကူညီပေးနေတာပါ"ဆိုတဲ့ ကပ်ရှင်နဲ့ ဗီဒီယိုဟာ ကြည့်ရှုသူပေါင်း သန်း ၃၀ ကျော်ရရှိခဲ့တာ ဖြစ်ပါတယ်။
အဲဒီဗီဒီယိုဖိုင်ထဲမှာ ဘရာဇီးလ်ကစားသမားတွေကို အောင်ပွဲခံနေတာ မြင်တွေ့ခဲ့ရပြီး ပြင်သစ်ဝါရင့်တိုက်စစ်မှူး အိုလီဗီယေး ဂျီရူးကတော့ စိတ်ပျက်လက်ပျက် အမူအရာဖြစ်နေတာကို မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ဂိုးအရေအတွက် ပြသထားတဲ့ ဂရပ်ဖစ်ပုံစံကလည်း လက်ရှိ ကမ္ဘာ့ဖလား ထုတ်လွှင့်မှုတွေမှာ အသုံးပြုနေတဲ့ ပုံစံဖြစ်ပြီး ရစ်ချာလီဆန်နဲ့ မာကွင်ညို့စ်တို့ကို ကင်မရာရိုက်ကွင်းထဲမှာ မြင်တွေ့ရသလို လူဆေးလ်ကွင်းမှာ ပြင်သစ်ရဲ့ သွင်းဂိုးကို ဂရစ်ဇ်မန်းက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ကမ္ဘာတလွှားက မယုံကြည်သူအချို့ကလည်း အချိန်ခရီးသွားဆိုသူဟာ ဆားဘီးယားနဲ့ပွဲစဉ်က ရစ်ချာလီဆန်ရဲ့ ပထမသွင်းဂိုးအတွက် အောင်ပွဲခံနေတဲ့ ဗီဒီယိုဖိုင်ကို ဖြတ်ညှပ်ကပ်လုပ်ထားတယ်လို့ ထင်မြင်နေကြတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ တွေ့ဆုံမှုပုံစံကြောင့် ဘရာဇီးလ်နဲ့ ပြင်သစ်တို့ဟာ ဗိုလ်လုပွဲမှာ တွေ့ဆုံနိုင်ခြေရှိနေသေးတဲ့ ပုံစံတော့ ပေါ်နေတာဖြစ်ပြီး ဘရာဇီးလ်ဟာ ခရိုအေးရှားကို အနိုင်ရခဲ့ရင် နယ်သာလန်နဲ့ အာဂျင်တီးနားတို့ရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်က အနိုင်ရရှိသူနဲ့ တွေ့ဆုံရမှာဖြစ်ပါတယ်။။
ပြင်သစ်အသင်းကတော့ ၂၀၁၇ နောက်ပိုင်း ပထမဆုံး ပြန်လည်တွေ့ဆုံရမယ့် အင်္ဂလန်နဲ့ပွဲမှာ အနိုင်ရရှိခဲ့မယ်ဆိုရင် ပေါ်တူဂီနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဘရာဇီးလ်ရော ပြင်သစ်အသင်းပါ ဆီမီးဖိုင်နယ်အဆင့်မှာ နိုင်ပွဲအသီးသီး ရရှိခဲ့မယ်ဆိုရင်တော့ အချိန်ခရီးသွားဆိုသူရဲ့ ဟောကိန်းက ဖြစ်လာနိုင်စရာတော့ ရှိနေတာဖြစ်ပါတယ်။ အချိန်ခရီးသွားဆိုသူဟာ ၂၀၂၀ ယူရို ဗိုလ်လုပွဲမှာ အီတလီက အင်္ဂလန်ကို အနိုင်ယူသွားလိမ့်မယ်ဆိုတာကို ဟောကိန်းထုတ်ခဲ့တာ မှန်ကန်ခဲ့ဖူးပေမယ့်လည်း အီတလီက အင်္ဂလန်ကို ၂-၁ နဲ့ အနိုင်ရမယ်လို့ ခန့်မှန်းခဲ့တာဖြစ်ပြီး တကယ့်လက်တွေ့မှာတော့ ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။