မန်စီးတီးနည်းပြ ဂွါဒီယိုလာက အသင်းရဲ့ တိုက်စစ်မှူးဟာလန်းအနေနဲ့ ကမ္ဘာ့ဖလားအပြီး ဒုတိယရာသီဝက်မှာ ဘယ်လိုပုံစံမျိုးနဲ့ အသင်းကို ပြန်ရောက်လာမယ်ဆိုတာက သူ့ရဲ့ နေထိုင်စားသောက်ပုံအပေါ် မူတည်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဟာလန်းဟာ နော်ဝေနဲ့အတူ ကမ္ဘာ့ဖလားခြေစစ်ပွဲကို အောင်မြင်ခဲ့ခြင်းမရှိပါဘူး။
အဲ့ဒါကြောင့် ဒီတိုက်စစ်မှူးဟာ လာမယ့် ကမ္ဘာ့ဖလားကာလမှာ အားလပ်ရက်ရရှိကာ အနားယူနိုင်မှာဖြစ်ပါတယ်။ ပြိုင်ဘက်ပရိသတ်တွေကလည်း လာမယ့် ကာတာကမ္ဘာ့ဖလားကာလအတွင်း ဟာလန်း ပွဲပန်းမှုမရှိတဲ့အပေါ် စိုးရိမ်နေပြီး ကမ္ဘာ့ဖလားအပြီး လိဂ်ပြိုင်ပွဲတွေ ပြန်လည်စတင်ချိန်မှာ ဟာလန်းရဲ့ ဂိုးသွင်းနှုန်း အခုထက် ပိုမိုကောင်းမွန်လာမှာကို စိုးရိမ်နေရပါတယ်။
ဂွါဒီယိုလာကလည်း “ဟာလန်က မာဘယ်လာမှာ အနားယူနေရပါလိမ့်မယ်။ ဒါ သေချာပါတယ်။ ဒုတိယရာသီဝက်မှာ သူ ဘယ်လောက်အထိ ပြီးပြည့်စုံလာဦးမလဲဆိုတာက သူ မာဘယ်လာမှာ ဘယ်လိုမျိုး ပြုမူနေထိုင်ခဲ့လဲဆိုတဲ့အပေါ် မူတည်ပါတယ်။ သူကတော့ နော်ဝေနဲ့အတူတူ ကမ္ဘာ့ဖလားပြိုင်ပွဲကို သွားချင်မှာ သေချာပါတယ်။ လာမယ့် ကမ္ဘာ့ဖလားမှာတော့ သူ ပါဝင်ခွင့်ရဖို့ မျှော်လင့်ပါတယ်”
“ဒါပေမယ့် ဒီနှစ်တော့ မာဘယ်လာမှာ သူ့အိမ်ရှိပြီး အဲ့ဒီမှာ သူသွားနေပါလိမ့်မယ်။ ဂေါ့ဖ်လည်း ရိုက်ပါလိမ့်မယ်။ သူ အရမ်းကြီး မသောက်မစားဖို့နဲ့ ဒုတိယရာသီဝက်အတွက် ထိပ်တန်းအဆင့်အနေအထားမျိုးနဲ့ ပြန်ရောက်လာဖို့ မျှော်လင့်ပါတယ်။ ဘောလုံးရာသီဝက်အတွင်း ကမ္ဘာ့ဖလားကန်တာ ကျနော်တို့တသက်မှာ အခုက ပထမဆုံးပါ။ ဒီတော့ ကစားသမားတွေက အသင်းတွေဆီ ဘယ်လိုပြန်လာမလဲ ကျနော်တို့ မသိနိုင်ပါဘူး”
“ကမ္ဘာ့ဖလားချန်ပီယံဖြစ်တဲ့ ကစားသမားခြောက်ယောက် အသင်းမှာရှိရင် သူတို့အတွက် အပေါင်းလက္ခဏာဆောင်နေမှာပါ။ ကျန်တဲ့ ကစားသမားတွေကတော့ စိတ်ဓာတ်ကျနေမှာပေါ့။ တခြားကစားသမားတွေကတော့ ရှုံးထွက်ကနေ စောစောထွက်ပြီး အားလပ်ရက်ပိုရမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။