အာဂျင်တီးနားကြယ်ပွင့်က ၎င်းရဲ့အောင်မြင်မှုကို အောင်ပွဲခံဖို့ အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ ဆွာရက်ဇ်ဆီကို FaceTime ကနေ ဖုန်းခေါ်ဆိုခဲ့တာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီဟာ အာဂျင်တီးနားက ပြင်သစ်အသင်းကို အနိုင်ရရှိခဲ့ပြီးနောက် ဘာစီလိုနာအသင်းဖော်ဟောင်း လူးဝစ္စ ဆွာရက်ဇ်ကို FaceTime နဲ့ ဖုန်းခေါ်ဆိုပြီး ကမ္ဘာ့ဖလားကို ပြသခဲ့ပါတယ်။

ဘလွန်ဒေါ ၇ ဆုရှင်ဟာ တနင်္ဂနွေနေ့က လူဆေးလ်ကွင်းထဲမှာ အာဂျင်တီးနားက ပြင်သစ်ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ၎င်းရဲ့ ကစားသမားဘဝ ပထမဆုံး ကမ္ဘာ့ဖလားကြီးကို ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။ လီယွန်နယ် မက်ဆီဟာ အာဂျင်တီးနားအသင်းအတွက် ၂ ဂိုး သွင်းယူပေးခဲ့ပြီး အမ်ဘာပေ ပြင်သစ်အသင်းအတွက် ဟက်ထရစ်သွင်းယူနိုင်ခဲ့ပေမယ့်လည်း မာတီနက်ဇ်က ပင်နယ်တီ အဆုံးအဖြတ်မှာ အာဂျင်တီးနားကို အနိုင်ရရှိအောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားနဲ့ ပြင်သစ်တို့ရဲ့ ဗိုလ်လုပွဲဟာ အံ့အားသင့်ဖွယ် အချိုးအကွေ့တွေ၊ အငြင်းပွားစရာတွေ၊ သွင်းဂိုးတွေအများအပြားနဲ့ ရင်သပ်ရှုမောဖွယ်ကောင်းခဲ့ပေမယ့်လည်း အဆုံးမှာတော့ ၁၉၈၆ ခုနှစ်နောက်ပိုင်း ပထမဆုံး ကမ္ဘာ့ဖလားကို အာဂျင်တီးနားတို့က ရရှိသွားခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီကြယ်ပွင့်ဟာ ကာတာက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သွင်းဂိုး ၇ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တဲ့အတွက် ပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဆုဖြစ်တဲ့ ရွှေဘောလုံးဆုကို ဒုတိယအကြိမ်မြောက် ပေးအပ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

မက်ဆီဟာ ရွှေဘောလုံးဆုကို အာဂျင်တီးနားအသင်းဖော်တွေနဲ့ ပရိသတ်တွေရှေ့မှာ ကမ္ဘာ့ဖလားကို မကိုင်မြှောက်ခင် ပေးအပ်ခြင်းခံခဲ့ရတာဖြစ်ပြီး ကမ္ဘာ့ဖလားကိုင်မြှောက်ပြီးနောက် အဝတ်လဲခန်းထဲကို ပြန်ရောက်တဲ့အချိန်မှာ အာဂျင်တီးနားကြယ်ပွင့်က ၎င်းရဲ့အောင်မြင်မှုကို အောင်ပွဲခံဖို့ အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ ဆွာရက်ဇ်ဆီကို FaceTime ကနေ ဖုန်းခေါ်ဆိုခဲ့တာဖြစ်ပါတယ်။ ဥရုဂွေးဝါရင့်တိုက်စစ်မှူး လူးဝစ္စ ဆွာရက်ဇ်ဟာ အသင်းဖော်ဟောင်းအတွက် အလွန်ဝမ်းမြောက်ပျော်ရွှင်နေတာကို မြင်တွေ့ရပြီး မက်ဆီကလည်း ကမ္ဘာ့ဖလားကြီးကို ဂုဏ်ယူစွာနဲ့ ပြသခဲ့တာဖြစ်ပါတယ်။

လူးဝစ္စ ဆွာရက်ဇ်က အဲဒီ ဖုန်းပြောဆိုမှုကို အင်စတာဂရမ် စတိုရီမှာ တင်ခဲ့ပြီး တောင်အမေရိကအဓိကပြိုင်ဘက်တွေဖြစ်ပေမယ့်လည်း သူငယ်ချင်းဖြစ်သူအတွက် ဂုဏ်ယူတဲ့အကြောင်းကို ထုတ်ဖော်ပြသခဲ့တာ ဖြစ်ပါတယ်။ ဆွာရက်ဇ်ဟာ ၂၀၁၄ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိ ဘာစီလိုနာမှာ လီယွန်နယ် မက်ဆီနဲ့အတူ ၆ ရာသီကြာ အတူတူ ကစားခဲ့သူဖြစ်ပြီး ချန်ပီယံလိဂ်၊ လာလီဂါ၊ ကိုပါဒယ်ရေးဖလားတွေအပါအဝင် မရေမတွက်နိုင်တဲ့ ဆုဖလားတွေကို အတူတူ ရယူနိုင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က