ဘာစီလိုနာနဲ့ စပိန်လက်ရွေးစင် ကွင်းလယ်လူ ကြယ်ပွင့် ပီဒရီက လာမယ့် (၂၀၂၂) ကာတာကမ္ဘာ့ဖလားမှာ စပိန်လက်ရွေးစင်အသင်း ကမ္ဘာ့ဖလားချန်ပီယံဆုကို မဆွတ်ခူးနိုင်ရင်လည်း မက်ဆီဦးဆောင်တဲ့ အာဂျင်တီးနားကိုသာ ချန်ပီယံဖြစ်စေလိုကြောင်း ဖွင့်ဟခဲ့ပါတယ်။
ပီဒရီဟာ စပိန်လက်ရွေးစင်အသင်းရဲ့ အပြီးသတ် ကစားသမား (၂၆) ယောက် စာရင်းမှာ ရွေးချယ်ခံခဲ့ရသူပါ။ သူဟာ ပြီးခဲ့တဲ့နှစ် ယူရို-၂၀၂၁ နဲ့ အိုလံပစ်တို့မှာလည်း စပိန်အသင်းတွေအတွက် အဓိက, ကစားသမားအဖြစ် ပါဝင် ခြေစွမ်းပြနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
အခုလာမယ့် (၂၀၂၂) ကာတာကမ္ဘာ့ဖလားမှာလည်း ပီဒရီက သေချာပေါက် ပွဲထွက်ခွင့်တနေရာရရှိနိုင်မယ်လို့ အားလုံးက သုံးသပ်ထားကြပါတယ်။ စပိန်လက်ရွေးစင်အသင်းကလည်း လာမယ့်ပြိုင်ပွဲမှာ ဘရာဇီး၊ အာဂျင်တီးနား၊ ပြင်သစ်တို့ရဲ့နောက် ဗိုလ်စွဲဖို့ ရေပန်းစားတဲ့အသင်းအဖြစ် သတ်မှတ်ခံထားရပါတယ်။
အသင်းရဲ့ ကမ္ဘာ့ဖလားချန်ပီယံဆုမျှော်လင့်ချက်နဲ့ ပတ်သက်လို့ ပီဒရီက “ကျနော်တို့ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ဆွတ်ခူးနိုင်ဖို့ မျှော်လင့်ပါတယ်။ တကယ်လို့သာ စပိန်လက်ရွေးစင်အသင်းက ချန်ပီယံမဖြစ်နိုင်ဘူးဆိုရင်လည်း မက်ဆီနဲ့ အာဂျင်တီးနားကိုပဲ ကမ္ဘာ့ဖလား ချန်ပီယံဆုဆွတ်ခူးစေချင်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။
ဒီကာတာကမ္ဘာ့ဖလားဟာ မက်ဆီအတွက် နောက်ဆုံးသော ကမ္ဘာ့ဖလားဖြစ်ပြီး သူ့ရဲ့ ကစားသမားဘဝ ပြီးပြည့်စုံသွားဖို့အတွက် အားလုံးက မျှော်လင့်နေကြပါတယ်။ မက်ဆီနဲ့ပီဒရီတို့ဟာ ဘာစီလိုနာမှာ တရာသီသာ တွဲကစားခဲ့ဖူးပေမယ့် မက်ဆီက ပီဒရီကို အစစအရာရာ ကူညီပေးခဲ့ကြောင်း သိရပြီး ပီဒရီကလည်း ဒီအကြောင်းတွေနဲ့ ပတ်သက်လို့ တရားဝင်ထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။