အာဂျင်တီးနားအသင်းခေါင်းဆောင်မက်ဆီက ဒီနေ့ကစားရမယ့် ဆော်ဒီနဲ့ အုပ်စုအဖွင့်ပွဲမတိုင်ခင်မှာ သူရဲ့ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ အကောင်းဆုံးအနေအထားမှာ ရှိတယ်လို့ ဖွင့်ဟလိုက်ပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ မက်ဆီက ပြောဆိုခဲ့တာဖြစ်ပြီး အာဂျင်တီးနားအတွက် အရေးပါတဲ့ အုပ်စုအဖွင့်ပွဲအတွက် သူ အသင့်ဖြစ်နေပြီဆိုတာကိုပါ အသိပေးခဲ့တာဖြစ်ပါတယ်။
"ရုပ်ပိုင်းဆိုင်ရာအရ ကျနော်အရမ်းကောင်းမွန်နေတယ်လို့ ခံစားရပါတယ်၊ ခမ်းနားကြီးကျယ်တဲ့အခိုက်အတန့်ကို ကျနော်ရရှိနေတယ်လို့လည်း ထင်ပါတယ်၊ စိတ်ရောကိုယ်ပါကောင်းမွန်နေပြီး ဘယ်လိုပြသနာမှမရှိပါဘူး၊ ကျနော် မတူကွဲပြားတဲ့ လေ့ကျင့်မှုမျိုးလုပ်နေတယ်လို့ ပြောတာတွေကို ကြားရပါတယ်၊ ဘာမှထူးထူးခြားခြားမရှိပါဘူး၊ အဲဒါက ကြိုတင်ကာကွယ်မှုတခုပါပဲ" လို့ မက်ဆီက ပြောဆိုခဲ့ပါတယ်။
အသက် ၃၅ နှစ်အရွယ် မက်ဆီဟာ သူ့အတွက် ၅ ကြိမ်မြောက်ကမ္ဘာ့ဖလားကို ကစားရမှာဖြစ်ပြီး ပုံမှန်ကစားနေကျမဟုတ်တဲ့ အချိန်အခါမှာ ကစားရမယ့် ပြိုင်ပွဲအတွက် ထူးထူးခြားခြားပြင်ဆင်မှုတွေ လုပ်တာမျိုးမရှိဘူးလို့ ဖွင့်ဟခဲ့တာပါ။ "ကျနော့်မှာ ဘာမှ ထူးထူးခြားခြားမရှိပါဘူး၊ ကိုယ့်ကိုကိုယ် ဂရုစိုက်တယ်၊ ကျနော့်ကစားသမားဘ၀တခုလုံးမှာ လုပ်ခဲ့တဲ့အလုပ်တွေကို လုပ်တယ်"
"ဒီကမ္ဘာ့ဖလားက ကျနော့်ရဲ့ နောက်ဆုံးပြိုင်ပွဲဖြစ်လာနိုင်ပြီး ကမ္ဘာ့ဖလားကို ရယူဖို့ အိပ်မက်အတွက် နောက်ဆုံးအခွင့်အရေးလည်းဖြစ်ပါတယ်၊ အာဂျင်တီးနားမဟုတ်တဲ့လူတွေတော်တော်များများကလည်း ကျွန်တော့်ကြောင့်ပဲ အာဂျင်တီးနားကို ချန်ပီယံဖြစ်စေချင်နေကြတယ်။ဒီလိုချစ်ခြင်းမေတ္တာတွေအတွက် ကျေးဇူးတင်ပါတယ်" လို့ အာဂျင်တီးနားအသင်းခေါင်းဆောင်က ပြောဆိုသွားခဲ့ပါတယ်။
မက်ဆီကတော့ လက်ရှိမှာ အာဂျင်တီးနားအတွက် ခြေစွမ်းပြကစားနေတာဖြစ်ပြီး နောက်ဆုံးကစားပေးခဲ့တဲ့ ပွဲတွေမှာ ဂိုးတွေ ဆက်တိုက်သွင်းယူထားခဲ့ပါတယ်။ ဒီနေ့ကစားမယ့် ဆော်ဒီနဲ့ပွဲမှာလည်း သူ ဘယ်နှစ်ဂိုးအထိ သွင်းယူနိုင်မလဲဆိုတာ စောင့်ကြည့်ရတော့မှာပါ။