ကမ္ဘာ့ဖလားမှာ ထင်မှတ်မထားဘဲ အာဂျင်တီးနားအတွက် ခြေစွမ်းပြနေတဲ့သူကတော့ တိုက်စစ်မှူးအယ်လ်ဗာရက်ဇ်ပါပဲ။ မန်စီးတီးတိုက်စစ်မှူးဟာ အသင်းဖော်တိုက်စစ်မှူးလော်တာရိုမာတီနက်ဇ်ရဲ့နောက်မှာမှ ဦးစားပေးခံခဲ့ရပေမယ့်လည်း သူ့ရဲ့ ခြေစွမ်းပြသမှုတွေက အသင်းအတွက် အကျိုးရှိနေခဲ့ပြီး ၄ ဂိုးအထိ သွင်းယူပေးထားကာ ရွှေဖိနပ်ဆုကိုပါ မျှော်လင့်လို့ရနေခဲ့ပါပြီ။
အာဂျင်တီးနားတို့ ကမ္ဘာ့ဖလားမှာ ရရှိထားတဲ့ သွင်းဂိုး ၁၂ ဂိုးထဲက ၁၁ ဂိုးဟာ အာဂျင်တီးနားအတွက် ဂျူလီယန်အယ်လ်ဗာရက်ဇ် ဝင်ကစားပေးနေချိန်မှာ ရရှိထားခဲ့တာပါ။ ဒါ့အပြင် အာဂျင်တီးနားအသင်း ပေးထားရတဲ့ သွင်းဂိုး ၅ ဂိုးကလည်း သူ ကွင်းထဲမှာ မရှိတဲ့အချိန်ဖြစ်ပါတယ်။ အာဂျင်တီးနားအတွက်တော့ ဂျူလီယန်အယ်လ်ဗာရက်ဇ်က unsung hero (အသံတိတ်သူရဲကောင်း) လို့ ESPN က ဖော်ပြခဲ့ပါတယ်။
အသက် ၂၂ နှစ်သာ ရှိသေးတဲ့ အယ်လ်ဗာရက်ဇ်က ဒီလောက်ထိ ခြေစွမ်းပြနိုင်မယ်လို့ ဘယ်သူကမှ ထင်မှတ်မထားခဲ့ပါဘူး။ မန်စီးတီးကို ပြောင်းရွှေ့လာချိန်မှာမှ ပရိသတ်တွေ ပိုမိုသိလာခဲ့တဲ့ အယ်လ်ဗာရက်ဇ်က အာဂျင်တီးနားရဲ့ အနာဂတ်တိုက်စစ်မှူးက သူဆိုတာ အားလုံးကို ပြသနိုင်ခဲ့ပြီး သူ့ကိုခေါ်ယူခဲ့တဲ့ မန်စီးတီးအတွက်လည်း တကယ့်ကို ရွှေ ဖြစ်ခဲ့ပါပြီ။
ဒီနေ့ကစားမယ့် ပြင်သစ်နဲ့ ဗိုလ်လုပွဲမှာလည်း သူ ပွဲထွက်စာရင်းမှာ သေချာပေါက်ပါဝင်လာဖွယ်ရှိနေပါတယ်။ အခွင့်အရေးတိုင်းကို လက်မလွှတ်စတမ်းအဆုံးသတ်နိုင်တဲ့ စွမ်းရည်ကြောင့် သူသာ ၂ ဂိုးသွင်းနိုင်ခဲ့မယ်ဆိုရင် မက်ဆီနဲ့ ဘတ်ပီကို ကျော်ပြီး ရွှေဖိနပ်ဆုကိုပါ ဆွတ်ခူးနိုင်မယ့် အခွင့်အရေးရှိနေလို့ သူ့ကို သေချာပေါက်စောင့်ကြည့်ရဖို့လည်း ရှိနေပါတယ်။