ကမ္ဘာ့ဖလားအတွက် မက်ဆီက ယုံကြည်ချက်ရှိနေတာပါ။

အာဂျင်တီးနားနဲ့အတူ နိုင်ငံတကာအောင်မြင်မှုနှစ်ကြိမ် ဆွတ်ခူးနိုင်ခဲ့တဲ့နောက် မက်ဆီက လာမယ့် ကမ္ဘာ့ဖလားမှာ ဘယ်အသင်းနဲ့မဆို ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ကြုံးဝါးလိုက်ပါတယ်။ အသက် (၃၄) နှစ်အရွယ် မက်ဆီအတွက် လာမယ့်ဆောင်းရာသီမှာ ကျင်းပမယ့် ကာတာကမ္ဘာ့ဖလားက အရေးပါတဲ့ပြိုင်ပွဲတခုပါ။



ဒါဟာ မက်ဆီအတွက်လည်း နောက်ဆုံးသော ကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်လာနိုင်ပြီး ဒီပြိုင်ပွဲမှာ မက်ဆီအောင်မြင်မှုရဖို့ သူကိုယ်တိုင်ရော၊ သူ့ရဲ့ပရိသတ်တွေကပါ မျှော်လင့်နေကြပါတယ်။ မက်ဆီဟာ ပြီးခဲ့တဲ့နှစ်က ကိုပါအမေရိကဖလားကို ဆွတ်ခူးကာ နိုင်ငံတကာ ကစားသမားဘဝ ပထမဆုံး အောင်မြင်မှုကို ရယူနိုင်ခဲ့ပါတယ်။

အဲ့ဒီနောက် ပြီးခဲ့တဲ့ ဇွန် (၁) မှာ ယူရိုချန်ပီယံ အီတလီကို အနိုင်ယူကာ Finalissima ချန်ပီယံအဖြစ် ထပ်မံအောင်ပွဲခံနိုင်ခဲ့ပြီး ဒီပွဲအပြီးမှာ မက်ဆီက အာဂျင်တီးနားနဲ့အတူ ကမ္ဘာ့ဖလားအတွက် အဆင်သင့်ဖြစ်နေပြီလို့ ပြောကြားလိုက်ပါတယ်။ မက်ဆီက “ကျနော်တို့မှာ ရှိပြီးသားအရာတွေကို ပိုမိုတိုးတက်အောင် လုပ်ဆောင်နိုင်စွမ်းရှိပါတယ်”

“အီတလီနဲ့ပွဲက ခြေစမ်းပွဲ၊ သာမန်ပြင်ဆင်မှုတခုဆိုတာထက် ပိုပါတယ်။ အခုဆိုရင် ကျနော်တို့ ကမ္ဘာ့ဖလားမှာ ဘယ်အသင်းနဲ့မဆို ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ လာမယ့်ကမ္ဘာ့ဖလားမှာ အီတလီမပါတာတော့ ကံမကောင်းပါဘူး။ ဒါပေမယ့်လည်း ဒါက ကမ္ဘာ့ဖလားရဲ့ ကွာတားဖိုင်နယ် ဒါမှမဟုတ် ဆီမီးဖိုင်နယ်မှာ ပိုမိုလွယ်ကူစေနိုင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

အာဂျင်တီးနားဟာ ကာတာကမ္ဘာ့ဖလား အုပ်စု (ဂ) မှာ မက္ကဆီကို၊ ပိုလန်၊ ဆော်ဒီအာရေဗျတို့နဲ့ တအုပ်စုတည်း ကျရောက်နေပြီး နောက်တဆင့် တက်ရောက်ဖို့ ရေပန်းအစားဆုံးအသင်းလည်းဖြစ်ပါတယ်။ 

Share

က္က