ရိုးမားနည်းပြ မော်ရင်ဟိုကတော့ သူ့အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ဒီရာသီ ပုံမှန်ခြေစွမ်းကောင်းပျောက်ဆုံးနေတဲ့ တမ်မီအေဘရာဟမ်နဲ့ပတ်သက်လို့ ခပ်ရွဲ့ရွဲ့ ဖြေကြားသွားခဲ့ပြန်ပါတယ်။ အေဘရာဟမ်ဟာ ပြီးခဲ့တဲ့ရာသီမှာ ရိုးမားအတွက် အကောင်းဆုံးခြေစွမ်းပြခဲ့တဲ့ တိုက်စစ်မှူးတယောက်လည်း ဖြစ်ခဲ့ပါတယ်။
အေဘရာဟမ်ဟာ စီးရီးအေမှာ ဂိုးအများဆုံး သွင်းယူနိုင်ခဲ့တဲ့ အင်္ဂလိပ် ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပြီး သူ့ကို အသင်းဟောင်း ချဲလ်ဆီးနဲ့ အာဆင်နယ်တို့က ပြောင်းရွှေ့ကြေး ပေါင်သန်း (၆၀) နဲ့ ခေါ်ယူဖို့အထိ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီရာသီမှာတော့ အေဘရာဟမ်တယောက် တော်တော်လေး ခြေစွမ်းပျောက်ဆုံးနေပါတယ်။
မနက်ဖြန်မှာ ကမ္ဘာ့ဖလားအတွက် နောက်ဆုံး (၂၆) ယောက် အပြီးသတ်လူစာရင်းကို အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်က ထုတ်ပြန်ကြေညာတော့မှာပါ။ ဒီစာရင်းမှာ ပါဝင်နိုင်ဖို့အတွက် အေဘရာဟမ် မသေမချာဖြစ်နေပြီး မော်ရင်ဟိုကလည်း မီဒီယာတွေရဲ့ မေးခွန်းထုတ်မှုနဲ့ ပတ်သက်လို့ အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။
မော်ရင်ဟိုက “ခင်ဗျားတို့ အေဘရာဟမ်ကိုပဲ ဘာပြဿနာရှိနေတာလဲဆိုပြီး အရင်ဆုံး သွားမေးသင့်ပါတယ်။ သူက စိတ်ရှုပ်နေတာလား ဒါမှမဟုတ် အခြား ပြဿနာတခုခုရှိနေတာလား ဒါမှမဟုတ် သူ ကမ္ဘာ့ဖလားအကြောင်းပဲ စဥ်းစားနေတာလားပေါ့” လို့ ပြောကြားသွားခဲ့ပါတယ်။ အေဘရာဟမ်ဟာ ရိုးမားအတွက် ဒီရာသီ ပြိုင်ပွဲစုံ (၁၈) ပွဲမှာ (၃) ဂိုးသာ သွင်းယူထားနိုင်ခဲ့တာပါ။
ပြီးခဲ့တဲ့ရာသီမှာ အေဘရာဟမ် ခြေစွမ်းပြခဲ့တုန်းက မော်ရင်ဟိုကိုယ်တိုင်ကပါ သူ့ရဲ့ တိုက်စစ်မှူးကို လက်ရွေးစင် အသင်းမှာ ပြန်လည်ရွေးချယ်ဖို့ ထောက်ခံပေးခဲ့ပါသေးတယ်။ ဒါပေမယ့် ဒီရာသီမှာတော့ အေဘရာဟမ် ခြေစွမ်းပျောက်နေပြီး မော်ရင်ဟိုကလည်း ကမ္ဘာ့ဖလားအတွက် အေဘရာဟမ်ကို လက်ရှိအချိန်မှာ ထောက်ခံပေးနိုင်စွမ်းမရှိတော့ပုံပါပဲ။