ကမ္ဘာ့ဖလားမှာ ပေါ်တူဂီအတွက် သွင်းဂိုး ၅ ဂိုးအထိ တိုက်ရိုက်ပါဝင်ပတ်သက်ကာ ခြေစွမ်းပြကစားနေတဲ့ ဘရူနိုဖာနန်ဒက်စ်ဟာ ဒီပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခြင်းခံနေရပါတယ်။ သူ့ရဲ့ လက်ရှိခြေစွမ်းတွေကြောင့် ပေါ်တူဂီသာ ဗိုလ်လုပွဲအထိ တက်ရောက်ခဲ့မယ်ဆိုရင် ရွှေဘောလုံးဆုကို ရယူနိုင်မယ်လို့လည်း သူက ရေပန်းစားလာတယ်လို့ Sportbible က ဖော်ပြခဲ့ပါတယ်။
Fotmob နဲ့ Sofascore က စိစစ်ရွေးချယ်ကာ သတ်မှတ်ခဲ့တဲ့ ကစားသမား Rating တွေမှာဆိုရင် ဖာနန်ဒက်စ်က ၈.၆၆ နဲ့ အဆင့် ၁ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။ သူ့နောက်မှာမှ ဘတ်ပီက ၈.၄ နဲ့ ကပ်လျက်ရှိနေပြီး မက်ဆီက ၈.၂၉ နဲ့ တတိယနေရာမှာ ရပ်တည်နေတာကို တွေ့ရှိခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ပွဲစဉ် ၃ ပွဲမှာဆိုရင် ဖာနန်ဒက်စ်က Rating အဖြစ် ၈.၄ ၊ ၈.၈၊ ၈.၁ ဆိုပြီး ရရှိခဲ့ကာ စုစုပေါင်း Rating မှာပါ အမြင့်ဆုံးဖြစ်လာခဲ့တာပါ။
သွင်းဂိုးပါဝင်ပတ်သက်မှုမှာ ဖာနန်ဒက်စ်ထက် ပိုမိုများပြားတာဆိုလို့ ဘတ်ပီတဦးတည်း (၇ ကြိမ်) သာ ရှိနေတော့ပြီး ဟယ်ရီကိန်းနဲ့ဆိုရင် ၅ ကြိမ်စီနဲ့ အတူတူဖြစ်နေခဲ့ပါတယ်။ Big Chances ဖန်တီးပေးမှုအပိုင်းမှာလည်း ဖာနန်ဒက်စ်က ၄ ကြိမ်နဲ့ ဒုတိယနေရာမှာရှိနေပြီး သူ့ထက် သာတဲ့ တဦးတည်းသောကစားသမားက ဂရစ်မန်းဖြစ်ပြီး ၅ ကြိမ်အထိပြုလုပ်ပေးထားတာပါ။
ဖာနန်ဒက်စ်ဟာ တောင်ကိုရီးယားနဲ့ အုပ်စုနောက်ဆုံးပွဲမှာသာ ဝင်ကစားခွင့်မရခဲ့တာဖြစ်ပြီး ကျန်ပွဲအားလုံးကိုတော့ ပါဝင်ကစားခဲ့ပါတယ်။ ပေါ်တူဂီရဲ့ အဓိကအကျဆုံးကစားသမားအဖြစ် သူက ရပ်တည်နေပြီး သူ ပါဝင်ကစားတဲ့ပွဲတိုင်းမှာ အသင်းက အနိုင်ရရှိခဲ့ကာ မော်ရိုကိုနဲ့ ကစားရမယ့် ကွာတားဖိုင်နယ်ပွဲအတွက်လည်း သူက ကြီးမားတဲ့အခန်းကဏ္ဍက ပါဝင်ခွင့်ရရှိဦးမှာဖြစ်ပါတယ်။