Salt Bae ဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီးမှာ ပြုလုပ်ခဲ့တဲ့ အပြုအမူကြောင့် ကမ္ဘာတလွှားက ဘောလုံးပရိသတ်တွေရဲ့ ဒေါသထွက်ခြင်းခံခဲ့ရပြီးနောက် ယူအက်စ်အိုးပင်းဖလားပြိုင်ပွဲကို တက်ရောက်ခွင့် ပိတ်ပင်ခြင်းခံခဲ့ရပါတယ်။
လူအများကြား ထင်ပေါ်ကျော်ကြားတဲ့ စားဖိုမှူး Salt Bae ဟာ အမေရိကရဲ့ သက်တမ်းအရင့်ဆုံးဘောလုံးပြိုင်ပွဲကို တက်ရောက်ခွင့် ပိတ်ပင်ခံခဲ့ရတာဖြစ်ပြီး ဗုဒ္ဓဟူးနေ့မှာ ယူအက်စ် အိုးပင်းဖလားပြိုင်ပွဲရဲ့တွစ်တာအကောင့်က "Salt Bae ကို ၂၀၂၃ အိုးပင်းဖလား ဗိုလ်လုပွဲကို တက်ရောက်ခွင့် ပိတ်ပင်လိုက်ပါတယ်"လို့ ရေးသားခဲ့တာဖြစ်ပါတယ်။
အဲဒီလို ပိတ်ပင်ခံခဲ့ရတာဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ရုန်းရင်းဆန်ခတ် ဖြစ်စေခဲ့တာကြောင့်ဖြစ်ပြီး အာဂျင်တီးနားအသင်းက ပြင်သစ်ကို ၄-၂ နဲ့ အနိုင်ရရှိခဲ့လို့ အောင်ပွဲခံနေချိန်မှာ တူရကီစားဖိုမှူးက ကွင်းထဲထိ ဝင်ရောက်ပြီး Follower ရှာဖို့ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ Salt Bae ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဆုရှင် လီယွန်နယ် မက်ဆီကိုတောင် ဓာတ်ပုံရိုက်ဖို့ ချဉ်းကပ်ခဲ့တာဖြစ်ပြီး တူရကီစားဖိုမှူးဟာ အာဂျင်တီးနားတိုက်စစ်မှူးရဲ့ ပုခုံးကို တို့ပြီး ဓာတ်ပုံရိုက်ကူးဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။
အောင်ပွဲခံမှုတွေက အရှိန်မြင့်လာတာနဲ့အမျှ ဘောလုံးသမားတွေဟာ စိတ်လွတ်ကိုယ်လွတ် အောင်ပွဲခံချင်ပေမယ့်လည်း Salt Bae က အလိုက်ကန်းဆိုးမသိစွာနဲ့ ဓာတ်ပုံတွဲရိုက်ပေးဖို့ တရစပ် တောင်းဆိုနေခဲ့တာ ဖြစ်ပါတယ်။ အသက် ၃၉ နှစ်အရွယ် စားဖိုမှူးဟာ လီယွန်နယ် မက်ဆီနဲ့ ဓာတ်ပုံကို အင်စတာဂရမ်က ပရိသတ် ၄၉.၈ သန်းအတွက် မျှဝေပေးခဲ့ပြီး ဒီမာရီယာ၊ ပါရေးဒက်စ်၊ အော်တာမန်ဒီ၊ ဒီဘားလား၊ မက်ကယ်လစ္စတာတို့အပြင် အခြား အာဂျင်တီးနားအသင်းသားတွေနဲ့ ဓာတ်ပုံတွေကိုပါ တင်ခဲ့တာဖြစ်ပါတယ်။
Salt Bae ဟာ ပေါင် ၁၇.၇ သန်းအထိ တန်ကြေးရှိတဲ့ ၁၈ ကာရတ်ရွှေသားအတိပြီးတဲ့ ကမ္ဘာ့ဖလားကြီးကိုတောင် ထိတွေ့ခဲ့ပြီး ဖီဖာရဲ့ပြောကြားချက်အရ အနိုင်ရရှိသူနဲ့ နိုင်ငံထိပ်ပိုင်းတာဝန်ရှိသူတွေအပါအဝင် ရွေးချယ်ခြင်းခံထားရတဲ့လူအနည်းငယ်သာ ထိတွေ့ကိုင်တွယ်နိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် ဘောလုံးပရိသတ်အများစုဟာ ဒေါသပေါက်ကွဲခဲ့ကြပြီး ပရိသတ်တစ်ဦးက "ကမ္ဘာ့ဖလားကို ထိတွေ့ခွင့်၊ နမ်းခွင့်၊ ကိုင်တွယ်ခွင့်ပေးခဲ့တာက ရယ်စရာကောင်းတယ်။ Salt Bae က အသားတွေပေါ်ကို ဆားဖြူးတဲ့ကောင်လေ။ သူက အဲဒီမှာဘာလုပ်နေတာလဲ"လို့ ရေးသားခဲ့ပြီး "Salt Bae ရဲ့အင်စတာဂရမ်က တင်ထားတဲ့အရာအားလုံးက သောက်ရမ်း စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတယ်။ ဒါပေမယ့် ကွင်းထဲမှာ တင်ခဲ့တဲ့ ဗီဒီယိုက စက်ဆုပ်စရာကောင်းတယ်။ သူက လီဆန်ဒရို မာတီနက်ဇ်ရဲ့ လက်ထဲက ကမ္ဘာ့ဖလားကို လုယူဖို့ ကြိုးစားနေခဲ့တာပဲ"လို့ နောက်ထပ်ပရိသတ်တစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။