အာဆင်နယ်ရဲ့ တိုက်စစ်ကစားသမား မာတီနယ်လီဟာ (၂၀၂၂) ကာတာကမ္ဘာ့ဖလားအတွက် ဘရာဇီးလက်ရွေးစင်အသင်းရဲ့ အပြီးသတ်ကစားသမားစာရင်းမှာ ပါဝင်ခွင့်ရတော့မယ်ဆိုတာကို သိလိုက်ရချိန်မှာ ငိုကြွေးခဲ့ပြီး စကားတောင် မပြောနိုင်အောင် ဖြစ်ခဲ့ရကြောင်း ပြန်ပြောင်းဖွင့်ဟလာခဲ့ပါတယ်။
အသက် (၂၁) နှစ်အရွယ် ဒီကစားသမားဟာ လက်ရှိရာသီမှာ အာဆင်နယ်အတွက် အကောင်းဆုံးခြေစွမ်းပြနေတဲ့နောက် အခုလိုပဲ ကာတာမြေကို ထိုက်ထိုက်တန်တန် လိုက်ပါခွင့်ရရှိခဲ့တာပါ။ ဖေမီနိုလို ကစားသမားမျိုးတောင် ကျန်ရစ်ခဲ့ချိန်မှာ မာတီနယ်လီ အရွေးချယ်ခံခဲ့ရတာက ဂုဏ်ယူစရာဖြစ်ခဲ့ပြီး ကမ္ဘာ့ဖလားလူစာရင်းမှာ ပါဝင်မှန်း သိလိုက်ရတဲ့နောက် ဘယ်လိုတွေကြုံတွေခဲ့ရလဲဆိုတာကို အခုလိုပဲ ဖွင့်ဟခဲ့ပါတယ်။
မာတီနယ်လီက “ကျနော့်ဘဝအတွက် အရေးပါဆုံး အခိုက်အတန့်တွေထဲကတခုဖြစ်ခဲ့ပြီး ကျနော့်မိသားစုအတွက်လည်း အတူတူပါပဲ။ ကျနော် တော်တော်လေးငိုကြွေးခဲ့ပြီး စကားတောင် မပြောနိုင်ခဲ့ပါဘူး။ ကျနော့်မိသားစုနဲ့ ဖုန်းပြောနေခဲ့ပေမယ့် ကျနော် ဖုန်းကို ချလိုက်ရပြီး နောက်မှပဲ သူတို့ဆီ ဖုန်းပြန်ခေါ်ခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော် စကားတောင် မပြောနိုင်အောင် ဖြစ်နေခဲ့လို့ပါ”
“ကျနော် ကမ္ဘာ့ဖလားကို သွားရောက်ခွင့်ရဖို့၊ ဘရာဇီးရဲ့ အစိတ်အပိုင်းတခုဖြစ်ဖို့ တော်တော်လေး ရင်ခုန်နေပါတယ်။ ကမ္ဘာ့ဖလားမှာ ကစားခွင့်ရမှာက တကယ့်ကို အံ့အားသင့်စရာပါ။ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ဖို့ ကျနော် ပြင်ဆင်ထားပြီး ဘရာဇီးနဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံဆုကို ဆွတ်ခူးနိုင်ဖို့အတွက်လည်း မျှော်လင့်ထားပါတယ်။ ဒီရာသီမှာ အာဆင်နယ်အတွက် ကျနော့်ခြေစွမ်းကလည်း အရေးပါတဲ့နေရာမှာရှိခဲ့ပါတယ်”
“ဘာကြောင့်လဲဆိုတော့ ကျနော်သာ အာဆင်နယ်မှာ ပုံစံကောင်းမပြနိုင်ခဲ့ရင် ဘရာဇီးမှာ အရွေးခံရမှာမဟုတ်ပါဘူး။ ကလပ်အသင်းမှာ ခြေစွမ်းပြနိုင်ခဲ့တာကြောင့်ပဲ ကျနော်က အခုလိုပဲ ကမ္ဘာ့ဖလားအတွက် ရွေးချယ်ခံခဲ့ရတာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ မာတီနယ်လီဟာ ဘရာဇီးလက်ရွေးစင်အသင်းအတွက် (၃) ပွဲသာ ပါဝင်ကစားခွင့်ရထားပြီး လာမယ့် ကာတာကမ္ဘာ့ဖလားမှာ ပွဲထွက်ခွင့်ရကာ ခြေစွမ်းပြနိုင်မလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။