ဘရာဇီးလူအင်အားက တော်တော်လေး တောင့်တင်းနေတာပါ။

နာမည်ကြီး ဘရာဇီးအသင်းရဲ့ လက်ရှိလူအင်အားကြောင့် လာမယ့် (၂၀၂၂) ကာတာကမ္ဘာ့ဖလား မကန်ခင်တည်းက ကမ္ဘာ့ဖလားချန်ပီယံဆုကို ဆွတ်ခူးဖို့ တစ်ပေးခံထားရပြီဖြစ်ပါတယ်။ ကာတာကမ္ဘာ့ဖလားကို လာမယ့် နိုဝင်ဘာ (၂၁) ကနေ စတင်ကျင်းပသွားမှာဖြစ်ပြီး ကာတာနိုင်ငံရဲ့ ရာသီဥတုအနေအထားကြောင့် ဆောင်းရာသီမှာ ကစားဖို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။



ကမ္ဘာ့ဖလားမှာ အစဥ်အလာရှိတဲ့အသင်းတသင်းဖြစ်တဲ့ ဘရာဇီးဟာ ဒီနှစ်မှာလည်း ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းတွေထဲက တသင်းအဖြစ် သတ်မှတ်ခံထားရပါတယ်။ ဒါပေမယ့် အခုချိန်မှာ သူတို့လက်ရွေးစင် ကစားသမားတွေက သက်ဆိုင်ရာအသင်းတွေအတွက် အကောင်းဆုံး ခြေစွမ်းပြနေတာကြောင့် ပရိသတ်တွေက အခုလိုပဲ သုံးသပ်နေကြတာဖြစ်ပါတယ်။ အထူးသဖြင့် ဘရာဇီးရဲ့တိုက်စစ်ပိုင်းက နည်းပြထိထီအတွက်တောင် လူရွေးချယ်ဖို့ ခေါင်းစားရမှာပါ။

နေမာ၊ ဗီနီရှပ်စ်၊ ရာဖင်ညာ၊ အန်တိုနီ၊ ရစ်ချာလီဆန်၊ မာတီနယ်လီ၊ ဂျီးဆပ်စ်တို့က ဒီရာသီမှာ သက်ဆိုင်ရာကလပ်တွေအတွက် ပုံစံကောင်းပြသနေပြီး ပွဲထွက်ခွင့်အတွက် မဆုံးဖြတ်ခင် လူရွေးချယ်ရေးအဆင့်မှာတင် နည်းပြအတွက် တော်တော်လေး ဒုက္ခရောက်နိုင်ပါတယ်။ ဒါ့အပြင် ဂိုးသမားနေရာအတွက်လည်း ပရီးမီးယားလိဂ် ထိပ်တန်းနှစ်သင်းဖြစ်တဲ့ မန်စီးတီးနဲ့လီဗာပူးတို့က အီဒါဆန်၊ အယ်လစ်ဆန်တို့ရှိနေပါတယ်။



နောက်တန်းမှာ မာကွင်ဟို့စ်၊ သီယာဂိုဆေးလ်ဗား၊ လိုဒီ၊ မီလီတာအိုတို့ရှိနေပြီး ဝါရင့်ကစားသမားကြီးတွေဖြစ်တဲ့ ဒန်နီအဲလ်ဗက်စ်၊ မာဆယ်လိုတို့ကလည်း ဘရာဇီးလူစာရင်းမှာ ရွေးချယ်ခံရဖို့ ပစ်မှတ်ထား ကြိုးစားနေကြပါတယ်။ကွင်းလယ်မှာ ကက်စ်မဲရိုး၊ ဖရက်ဒ်၊ ဘရူနိုဂွီမာရေးစ်တို့ရှိနေပြီး ပွဲထွက်ကစားသမားစာရင်းရော၊ အရံစာရင်းပါ တောင့်တင်းနေတဲ့ ဘရာဇီးကို အနိုင်ယူနိုင်မယ့်အသင်းမရှိဘူးလို့ ပရိသတ်တွေက မှတ်ချက်ပြုနေပါတယ်။

ပရိသတ်တွေက “လူတွေက ဒီအကြောင်းကိုမပြောချင်ပေမယ့် လက်ရှိဘရာဇီးက (၂၀၀၂) နောက်ပိုင်း အကောင်းဆုံးအသင်းပါ” “ဒီဘရာဇီးလူစာရင်းကို ဘယ်အသင်းက အနိုင်ကန်နိုင်မှာလဲ” အစရှိသဖြင့် အမျိုးမျိုး မှတ်ချက်ပြုလျက်ရှိနေပါတယ်။ ပရိသတ်တွေမျှော်လင့်ထားတဲ့အတိုင်း ဘရာဇီးတို့ ကမ္ဘာ့ဖလားချန်ပီယံအဖြစ် တကျော့ပြန် အောင်ပွဲခံနိုင်မလားဆိုတာကိုတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က