ဘရန့်ဖို့ဒ်နဲ့ပွဲမတိုင်ခင် ပြောကြားခဲ့တာပါ။

မန်စီးတီးနည်းပြ ဂွါဒီယိုလာက (၂၀၂၂) ကာတာကမ္ဘာ့ဖလားပြိုင်ပွဲရှိနေလို့ဆိုတဲ့အကြောင်းပြချက်နဲ့ အသင်းမှာရှိတဲ့ ကစားသမားတွေကို အနားပေးသွားမှာမဟုတ်ကြောင်း ပြောကြားလိုက်ပါတယ်။ မန်စီးတီးဟာ ကမ္ဘာ့ဖလားမတိုင်ခင် နောက်ဆုံးပွဲအဖြစ် ဘရန့်ဖို့ဒ်ကို ဒီကနေ့ည အိမ်ကွင်းမှာ ဧည့်ခံကစားသွားမှာဖြစ်ပါတယ်။



ကာတာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဖွင့်ပွဲကို လာမယ့် နိုဝင်ဘာ (၂၀) မှာ စတင်ကျင်းပတော့မှာဖြစ်ပြီး လက်ရွေးစင်အသင်းနည်းပြတွေကလည်း သူတို့ရဲ့ အပြီးသတ် ကစားသမားစာရင်းတွေကို ဒီရက်ပိုင်းအတွင်း အပြိုင်အဆိုင် ထုတ်ပြန်နေကြပါတယ်။ တဖက်မှာလည်း ကစားသမားတွေဟာ ကလပ်အသင်းတွေရဲ့ ပွဲကျပ်တွေကြောင့် ဒဏ်ရာ၊ ပွဲပန်းမှုပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဒီလိုအချိန်မျိုးမှာ ဂွါဒီယိုလာကလည်း “ဖူလ်ဟမ်၊ ချဲလ်ဆီးတို့နဲ့ပွဲတွေမှာ ကျနော် မြင်တွေ့ခဲ့ရတာ တခုရှိပါတယ်။ (၁၀) ယောက်၊ (၁၁) ယောက်ဖြစ်သွားချိန်မှာတောင် ကစားသမားတွေက ရာနှုန်းပြည့်ခံယူချက်ရှိရမယ်ဆိုတာပါပဲ။ ဘရန့်ဖို့ဒ်နဲ့ပွဲက ကမ္ဘာ့ဖလားပွဲမတိုင်ခင် နောက်ဆုံးပွဲပါ။ ဒီပွဲပြီးတာနဲ့ ကစားသမားတွေက နိုင်ငံလက်ရွေးစင်အသင်းနဲ့ ပူးပေါင်းရတော့မှာပါ”

“သူတို့တွေ အထုပ်ပြင်နေပြီဆိုတာ ကျနော် သေချာပေါက်ပြောရဲပါတယ်။ ဒါပေမယ့် ဒါက အန္တရာယ်များတဲ့ကိစ္စပဲဗျ။ ကစားသမားတွေက အသင်းမှာဆက်ရှိနေရဦးမှာ။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာလည်း ကျနော် ဒီအကြောင်းကို နည်းနည်း ပြောခဲ့ရသေးတယ်။ လေးရက်အလို၊ သုံးရက်အလိုမှာလည်း ကျနော် ပြောနေရတာ။ မင်းတို့ ဒီအသင်းမှာဆက်ရှိနေရဦးမှာ၊ ပြီးရင် နိုင်ငံအသင်းနဲ့ သွားပူးပေါင်းရမယ့်အချိန် ရောက်လာမယ်ဆိုပြီးတော့ပေါ့”

“နိုင်ငံအသင်းအတွက်ဆိုပြီး ကျနော်တို့ ဘယ်ကစားသမားကိုမှ အနားပေးမှာမဟုတ်ပါဘူး။ ဒါက လုံးဝကို သေချာပါတယ်။ ကျနော့်ဆီကို ဘယ်သူမှလည်း ဖုန်းလာမခေါ်ပါဘူး။ ဖုန်းခေါ်စရာလည်း မလိုအပ်ပါဘူး။ ဖုန်းမဆက်ဖို့ပဲ အကြံပေးချင်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က