ကမ္ဘာ့ဖလားကွာတားဖိုင်နယ်မှာ ခရိုအေးရှားကို အရေးနိမ့်ခဲ့ပြီးနောက် နေမာကတော့ လက်ရွေးစင်အသင်းကနေ အနားယူဖွယ်ရှိတယ်လို့ အရိပ်အမြွက်ပြောဆိုလိုက်ပါတယ်။ အသက် ၃၀ အရွယ် ဘရာဇီးလ်တိုက်စစ်မှူးဟာ ခရိုအေးရှားနဲ့ပွဲမှာ အသင်းအတွက် ဦးဆောင်ဂိုးကို အချိန်ပိုမှာ လှလှပပသွင်းယူပေးခဲ့ပေမယ့် ပြိုင်ဘက်အသင်းက ချေပဂိုးပြန်သွင်းခဲ့လို့ ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပြီး အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။
ဒီရှုံးပွဲအတွက် နေမာဟာ တော်တော်လေးကြေကွဲဝမ်းနည်းခဲ့ပြီး ကွင်းအတွင်းမှာလည်း ငိုကြွေးနေခဲ့ရပါတယ်။ ဘရာဇီးလ်ဟာ အချိန်ပို ၅ မိနစ်လောက်သာ ကျန်တော့တဲ့အချိန်မှာ ချေပဂိုးပေးခဲ့ရတာဖြစ်ပြီး ပွဲကို အပြတ်မဖြတ်နိုင်ခဲ့တဲ့ အားနည်းချက်ကြောင့် ထင်မှတ်မထားဘဲ အရေးနိမ့်ခဲ့ရပါတယ်။ ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာတော့ နေမာက အခုလိုပဲ ပြောခဲ့ပါတယ်။
"လက်ရွေးစင်အသင်းအတွက် ဘယ်တံခါးကိုမှ ကျနော်ပိတ်မထားပါဘူး၊ ဒါပေမယ့် ကစားမယ်လို့လည်း ရာနှုန်းပြည့် ကျနော် အာမ,မခံနိုင်ပါဘူး၊ ဒီကိစ္စကို ကျနော်အချိန်ယူစဉ်းစားဖို့ လိုအပ်ပါတယ်၊ ကျနော့်အတွက်၊ လက်ရွေးစင်အသင်းအတွက် ဘယ်အရာက အမှန်ကန်ဆုံးဖြစ်မလဲဆိုတာကိုလည်း ကျနော်တွေးရဦးမှာပါ" လို့ ပြောသွားခဲ့ပါတယ်။
နေမာဟာ ပင်နယ်တီအဆုံးအဖြတ်မှာ ကန်သွင်းခွင့်တောင်မရခဲ့တာဖြစ်ပါတယ်။ ဘရာဇီးလ်အတွက် ရိုဒရိုင်ဂိုက စတင်ကန်သွင်းယူခဲ့ပြီး ခရိုဂိုးသမားလီဗာကိုဗစ်က ကာကွယ်နိုင်ခဲ့သလို မာကွင်ဟို့စ်ရဲ့ ကန်သွင်းချက်ကလည်း တိုင်ထိထွက်ခဲ့ပါတယ်။ ခရိုအေးရှားဘက်က တကြိမ်လွဲခဲ့ပေမယ့်လည်း ဘရာဇီးလ်တို့ လိုက်မမီတော့ဘဲ အရေးနိမ့်ခဲ့ကာ နေမာရဲ့ အလှည့်တောင်မရောက်ခဲ့တာဖြစ်ပါတယ်။