မနေ့ညက ကစားခဲ့တဲ့ ယူရိုနေးရှင်းလိဂ်ပွဲစဥ်တွေမှာတော့ အင်္ဂလန်တို့ နိုင်ပွဲပျောက်ဆုံးနေဆဲဖြစ်ပြီး ပိုပြောစရာဖြစ်ခဲ့တာကတော့ ဟန်ဂေရီကို ၀-၄ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာပဲဖြစ်ပါတယ်။ အင်္ဂလန်ဟာ ပွဲကစားချိန် မိနစ် (၇၀) နောက်ပိုင်းမှာ သုံးဂိုးအထိ ထပ်ပေးခဲ့ရပြီး ဒီလောက်အထိ ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ရတာပါ။
အင်္ဂလန်တို့ ဒီရှုံးပွဲကြောင့် ဒီနှစ်နေးရှင်းလိဂ်မှာ နိုင်ပွဲတပွဲမှ မရရှိသေးဘဲ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးနီးလာလေလေ၊ ပုံမှန်ခြေစွမ်းပြသလာလေပဲလို့ ပရိသတ်တွေက လှောင်ပြောင်နေကြပါတယ်။ ဒါ့အပြင် တိုက်စစ်က ဂိုးပေါက်ထပ်မံ ပျောက်ဆုံးခဲ့ပြီး နည်းပြ ဆောက်ဂိတ်အတွက်တော့ ခေါင်းခဲစရာဖြစ်နေခဲ့ပါတယ်။ ပွဲကစားချိန် (၈၂) မိနစ်မှာလည်း နောက်ခံလူ ဂျွန်စတုန်းစ် အထုတ်ခံခဲ့ရပါသေးတယ်။
တဖက်မှာတော့ ဂျာမနီက အီတလီကို ၅-၂ ဂိုးနဲ့ ဂိုးပြတ်အနိုင်ယူခဲ့ပါတယ်။ ဂျာမနီအတွက် ဂိုးတွေကို ကင်မစ်ချ်၊ ဂွန်ဒိုဂန်၊ မူလာနဲ့ ဗာနာ (၂ ဂိုး) တို့က သွင်းယူပေးခဲ့ပြီး အီတလီအတွက် ချေပဂိုးတွေကို နွန်တို၊ ဘာစတိုနီတို့က သွင်းယူပေးခဲ့ပါတယ်။ နယ်သာလန်က ဝေးလ်စ်ကို အပြန်အလှန်သွင်းဂိုးတွေနဲ့အတူ ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ ဂါရတ်ဘေးလ်က ဝေးလ်စ်အတွက် ချေပဂိုးကို မိနစ် (၉၀) မှ သွင်းယူပေးခဲ့တာပါ။
ဒါပေမယ့်လည်း ဒီပိုင်းရဲ့အနိုင်ဂိုးကို ထပ်မံခွင့်ပြုလိုက်ရတာကြောင့် ဝေးလ်စ်တို့ ရှုံးပွဲကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ ဘယ်လ်ဂျီယံကလည်း ပိုလန်ကို ဘတ်ရှူအာယီရဲ့တလုံးတည်းသော သွင်းဂိုးနဲ့အနိုင်ရရှိခဲ့ပြီး မနေ့ညက တူရကီ၊ စကော့တလန်တို့လည်း အသီးသီးနိုင်ပွဲရရှိခဲ့ပါတယ်။