မာနေး ဒဏ်ရာရရှိသွားခဲ့တာပါ။

ဆီနီဂေါလက်ရွေးစင် အသင်းခေါင်းဆောင် မာနေးဟာ မနေ့ညက ဘိုင်ယန်မြူးနစ်နဲ့ ဝါဒါဘရီမင်တို့ပွဲကို ပါဝင်ကစားရင်း ပွဲကစားချိန် အစောပိုင်းမှာတင် ညှို့သကျည်းမှာ ဒဏ်ရာရရှိသွားခဲ့ပါတယ်။ ဒီဒဏ်ရာကြောင့်ပဲ နည်းပြ နာဂယ်လ်စမန်းက မာနေးကို လူစားလဲပြီး အနားပေးခဲ့ပါတယ်။



မာနေးရဲ့ ဒဏ်ရာက ခြေသလုံးတဝိုက်မှာဖြစ်ပြီး အသေးစိတ်ကိုတော့ ဓာတ်မှန်ရိုက်ဆေးစစ်ပြီးမှပဲ သိရှိရမှာဖြစ်ပါတယ်။ မာနေးဟာ ပွဲကစားချိန် (၁၅) မိနစ်မှာတင် ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲစတင်ဖို့ (၁၀) ရက်ကျော်သာ လိုတော့ချိန်မှာ ဒီလိုမျိုး ဒဏ်ရာရရှိခဲ့တာကြောင့် မာနေးအတွက်ရော၊ ဆီနီဂေါအတွက်ပါ စိုးရိမ်စရာကောင်းလာခဲ့ပါတယ်။

မာနေးရဲ့ဒဏ်ရာ အသေးစိတ်နဲ့ပတ်သက်လို့တော့ နာဂယ်လ်စမန်းက “မာနေးက သူ့ရဲ့ ညှို့သကျည်းခေါင်းနဲ့ ကျသွားပြီး မသက်မသာဖြစ်ခဲ့ရတာပါ။ သူ ဓာတ်မှန်ရိုက်ရပါလိမ့်မယ်။ ဆိုးဆိုးရွားရွားမဖြစ်ဖို့တော့ ကျနော် မျှော်လင့်ပါတယ်။ ပွဲပြီးတော့လည်း ကျနော် မာနေးနဲ့ မတွေ့ဖြစ်ခဲ့ပါဘူး။ ဒါက ကြီးမားတဲ့ဒဏ်ရာမဟုတ်ဖို့ ကျနော် မျှော်လင့်ပါတယ်။ ဒါပေမယ့် အခု လောလောဆယ် ကျနော်လည်း သေချာမသိပါဘူး”

“ပြီးမှပဲ မာနေးရဲ့ဒဏ်ရာအသေးစိတ်နဲ့ပတ်သက်လို့ ကျနော်တို့ သိရမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ မာနေးဟာ ဒီဒဏ်ရာကြောင့် လာမယ့်စနေညမှာ ကစားမယ့် ဘိုင်ယန်မြူးနစ်နဲ့ရှော်လ်ကေးတို့ရဲ့ ဘွန်ဒက်စ်လီဂါပွဲစဥ်ကို သေချာပေါက် လွဲချော်သွားဖို့ရှိနေပါတယ်။ ဒါ့အပြင် ဒဏ်ရာသာ အနည်းငယ်ကြီးမားမယ်ဆိုတာနဲ့ မာနေးတယောက် ကမ္ဘာ့ဖလားမတိုင်ခင် ကြံ့ခိုင်မှုပြည့်ဝဖို့ ရုန်းကန်ရမှာပါ။

မာနေးဟာ ဆီနီဂေါပရိသတ်တွေရဲ့ အကြီးမားဆုံး မျှော်လင့်ချက်ဖြစ်နေပြီး လက်ရွေးစင်အသင်းအတွက် နိုင်ငံတကာ ကစားသမားဘဝပွဲပေါင်း (၉၃) ပွဲ ကစား၊ (၃၄) ဂိုး သွင်းယူပေးထားနိုင်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့ဖလားကို ရောက်ရှိဖို့ မာနေးက အကောင်းဆုံး စွမ်းဆောင်ပေးခဲ့တဲ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီမှာ ဆီနီဂေါတို့ အာဖရိကဖလား ဆွတ်ခူးဖို့အတွက်လည်း မာနေးက အဓိကကျတဲ့ ကစားသမားတယောက်ဖြစ်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က