ဆာဒီယိုမာနေးဟာ ဆီနီဂေါအတွက် ကမ္ဘာ့ဖလားမှာ ဝင်ရောက်ကစားပေးနိုင်မှာမဟုတ်တော့ဘူးလို့ အသင်းဘက်က တရားဝင်အတည်ပြုလိုက်ပြီဖြစ်ပါတယ်။ ဘိုင်ယန်အတွက် ကစားပေးရင်း ဒဏ်ရာရရှိခဲ့တဲ့ မာနေးကို ပြန်ကစားနိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ကာတာအထိ ဆီနီဂေါက ခေါ်ဆောင်သွားခဲ့တာပါ။ ဒါပေမယ့် ထပ်မံစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ချိန်မှာတော့ ဒဏ်ရာက မသက်သာဘဲရှိနေခဲ့ပါတယ်။
မာနေးရဲ့ ဒဏ်ရာက ခွဲစိတ်ကုသဖို့ပါ လိုအပ်တယ်လို့ သိရပြီး ဆီနီဂေါအတွက် ကစားပေးဖို့ ဘယ်လိုမှမဖြစ်နိုင်တော့တာပါ။ ဒါကြောင့်လည်း သူ ကစားနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေကို လက်လျှော့လိုက်ရပြီး အသင်းနဲ့အတူကစားပေးနိုင်မှာမဟုတ်ဘူးလို့ သတင်းထုတ်ပြန်ခဲ့ရပြီး ဆီနီဂေါပရိသတ်တွေအတွက် ဒီသတင်းက ဝမ်းနည်းစရာဖြစ်ခဲ့ရပါတယ်။
အသက် ၃၀ နှစ်အရွယ် မာနေးက အသင်းကို ခြေစစ်ပွဲအောင်မြင်အောင် အဓိကနေရာကနေ ကူညီပေးခဲ့ပြီး ကာတာမှာ ဆီနီဂေါကို နေရာတခုဆီ ပို့ဆောင်ပေးနိုင်မယ့်သူလို့ သတ်မှတ်ခံထားရတာဖြစ်ပါတယ်။ သူ မကစားနိုင်တော့လို့ ဆီနီဂေါတိုက်စစ်က အားနည်းသွားတော့မှာဖြစ်ပြီး နည်းပြဆစ်ဆေးအတွက် ခေါင်းကိုက်စရာတွေလည်း ဖြစ်လာတော့မှာပါ။
ဆီနီဂေါဟာ အုပ်စုတွင်းမှာ အိမ်ရှင်ကာတာ၊ အီကွေဒေါ၊ နယ်သာလန်တို့နဲ့အတူ ကျရောက်နေပြီး အဖွင့်ပွဲကို ၂၁ ရက်နေ့မှာ နယ်သာလန်နဲ့ စတင်ကစားရမှာဖြစ်ပါတယ်။ မူလကတော့ ဆီနီဂေါက အုပ်စုဒုတိယနေရာကို ရယူနိုင်လိမ့်မယ်လို့ သုံးသပ်ထားကြတာဖြစ်ပြီး မာနေးမပါဝင်နိုင်တဲ့နောက်မှာ သူတို့တွေ နောက်တဆင့်ကို တက်ရောက်နိုင်ဖို့အတွက် အနည်းငယ်တော့ ခက်ခဲသွားဖွယ်ရာရှိနေပါတယ်။