ပေါ်တူဂီလက်ရွေးစင်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ မော်ရိုကို အသင်းကို ရှုံးနိမ့်ခဲ့အပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် ပွဲအပြီးမှာ ပြုလုပ်ခဲ့တဲ့ အပြုအမူအတွက် ပြစ်တင်ကြိမ်းမောင်းခြင်းခံခဲ့ရပါတယ်။
ယူဆွတ်ဖ် အန်နက်စရီရဲ့ ပထမပိုင်းက အမြင့်ခုန် ခေါင်းတိုက်သွင်းဂိုးက မော်ရိုကိုအသင်းကို ကွာတားဖိုင်နယ်ပွဲစဉ်မှာ ပေါ်တူဂီကို ၁-၀ နဲ့ အံ့အားသင့်ဖွယ် အနိုင်ရရှိစေဖို့ လုံလောက်ခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ အရန်ခုံကနေ လူစားဝင်ကစားပေးခဲ့တဲ့ ရော်နယ်လ်ဒိုဟာ နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲကို နှုတ်ဆက်ခဲ့ရပြီဆိုတာကို သိရှိသွားခဲ့ပြီးနောက် ပွဲအပြီးမှာ မျက်ရည်တွေနဲ့အတူ ဥမင်လျှောက်လမ်းထဲ ဆင်းသွားခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။
ဂျာမနီကွင်းလယ်ကစားသမား ဒီယက်မာ ဟာမန်းက ဗုဒ္ဓဟူးနေ့ညက အယ်လ် ဘေ့တ်ကွင်းမှာ မော်ရိုကိုက ပြင်သစ်ကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ မော်ရိုကို ကစားသမားတွေကို ၎င်းတို့ရဲ့ ဂုဏ်သိက္ခာရှိတဲ့ အပြုအမူအတွက် ချီးကျူးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လီဗာပူးလ် ကွင်းလယ်ကစားသမားဟောင်းက အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်လ်ဒိုကိုတော့ ပွဲအပြီးမှာ မော်ရိုကိုကစားသမားတွေကို ဂုဏ်ပြုခဲ့ခြင်းမရှိမှုအတွက် ပြစ်တင်ကြိမ်းမောင်းခဲ့တာဖြစ်ပါတယ်။
"သူတို့တွေက ဒီကမ္ဘာ့ဖလားပြိုင်ပွဲကို လူသားဆန်မှု ပြန်လည်ယူဆောင်ပေးခဲ့တယ်လို့ ထင်ပါတယ်။ ခင်ဗျား စူပါစတားတွေ၊ ထိပ်တန်ကစားသမားတွေ၊ ထိပ်တန်းလစာရရှိနေသူတွေအကြောင်းပဲ ပြောနေတယ်။ လွန်ခဲ့တဲ့ တစ်ပတ်လောက်က အကောင်းဆုံးကစားသမားတွေထဲက တစ်ဦး ကမ္ဘာ့ဖလားကို စွန့်ခွာသွားတာကို ခင်ဗျား တွေးမိရင် ရော်နယ်လ်ဒိုက ပွဲအပြီးမှာ ဂုဏ်ပြုတာမျိုးတောင် မလုပ်သွားခဲ့ပါဘူး။ မော်ရိုကိုအသင်းက အဲဒီပွဲကို အနိုင်ရခဲ့ပြီး သမိုင်းဝင်တဲ့မှတ်တမ်းတစ်ခုကို ရေးထိုးနိုင်ခဲ့တာပါ။ သူက သူတို့တွေရရှိခဲ့တဲ့ အောင်မြင်မှုအတွက် ဂုဏ်ပြုဖို့အတွက် ဂုဏ်သိက္ခာတောင်မရှိခဲ့ပါဘူး"
"ပြီးတော့ အခု ခင်ဗျား သူတို့ကို ကြည့်ခဲ့တယ်။ သူတို့တွေ ပြင်သစ်တွေနဲ့ ဘယ်လို လက်ဆွဲနှုတ်ဆက်ခဲ့လဲဆိုတာ ခင်ဗျား မြင်မှာပါ။ ရှုံးနိမ့်ခဲ့တာတောင် သူတို့တွေက ဂုဏ်သိက္ခာနဲ့ ကရုဏာတရားကို ပြသခဲ့တယ်။ အရမ်းတော်ပါတယ်"လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။