ဟာလန်းတစ်ယောက် အခုချိန်မှာ Non-League အသင်းတစ်သင်းအတွက် ကစားချင်တယ်ဆိုရင် ကစားခွင့်ရှိနေဆဲဖြစ်ပြီး သူ့အတွက် အဆိုပါအသင်းတစ်သင်းရဲ့ ကမ်းလှမ်းမှုက အခုချိန်အထိ အကျုံးဝင်နေဆဲဖြစ်ကြောင်း သိရှိရပါတယ်။ ဟာလန်းကို ကမ်းလှမ်းထားတဲ့ အသင်းနာမည်ကတော့ အက်ရှ်တန် ယူနိုက်တက်ဖြစ်ပါတယ်။
အဆိုပါ အသင်းဟာ အင်္ဂလန်မှာဆိုရင် လိဂ်အဆင့် (၇) သတ်မှတ်ချက်ရှိတဲ့ Non-League မှာ ကစားနေတဲ့ အသင်းတစ်သင်းဖြစ်ပြီး ဟာလန်းကို ခေါ်ယူဖို့အတွက် ပြီးခဲ့တဲ့ (၂၀၂၂) ခုနှစ် ကမ္ဘာ့ဖလားကာလကတည်းက ကမ်းလှမ်းထားခဲ့တာပါ။ အက်ရှ်တန်ယူနိုက်တက်ဟာ ဟာလန်းအပြင် ဟာလန်းရဲ့အဖေ အယ်လ်ဖီဟာလန်း ဘောလုံးပြန်ကစားချင်တယ်ဆိုရင်တောင် လက်ခံသွားမယ်လို့ သိရှိရပါတယ်။
အက်ရှ်တန်ယူနိုက်တက်ရဲ့ ပူးတွဲဥက္ကဌ ဂျိုနသန်ဆေလာက “ဟာလန်းအတွက် အခုချိန်အထိ တံခါးဖွင့်ထားဆဲပါ။ နောက်ပြီး အရိုးသားဆုံးပြောရရင် သူ့အဖေ ဘောလုံး ပြန်ကစားချင်တယ်ဆိုရင်တောင် ကျွန်တော်တို့က လက်ခံပေးသွားမှာပါ။ သူ ကျွန်တော်တို့အတွက် အလုပ်လုပ်ပေးနိုင်မယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့က ကမ်းလှမ်းမှုကို အမှန်တကယ် ပြုလုပ်ထားတာပါ”
“ဒါပေမယ့် မန်စီးတီးဆီက ဘာမှပြန်မကြားရသေးတော့ အငြင်းခံရတာလည်း မဟုတ်ဘူးပေါ့။ သူ့ရဲ့ ပွဲဦးထွက်မှာဆိုရင် ပရိသတ်တွေက ဟာလန်းပုံမျက်နှာဖုံးတွေလည်း ဝတ်ဆင်ထားကြမှာပါ။ ဒီလိုမျိုး မျက်နှာဖုံး ဝတ်ဆင်ထားတဲ့ လူတွေထဲက တစ်ယောက်ကတော့ ဟာလန်းအစစ်ပဲပေါ့။ ဟာလန်းရဲ့ သက်ရောက်မှုက ကြီးမားပါတယ်”
“အခုဆိုရင် ကျွန်တော်တို့ရဲ့ ဆိုရှယ်မီဒီယာမှာ ဖော်လိုဝါက နှစ်ဆဖြစ်လာပါပြီ။ လူအများအပြားက ကျွန်တော်တို့ အက်ရှ်တန်ယူနိုက်တက်ကို အွန်လိုင်းပေါ်မှာ ရှာနိုင်ကြပြီ။ ဂျာစီတွေလည်း ပိုရောင်းရတယ်၊ ကျွန်တော်တို့နားမှာ မဟုတ်ဘဲ နည်းနည်းဝေးဝေးမှာပါ ရောင်းနေရပါပြီ။ နော်ဝေ၊ အမေရိကနဲ့ ပြင်သစ်တို့ကိုတောင် ကျွန်တော်တို့ ဂျာစီတွေ ပို့နေရပါပြီ” လို့ ပြောကြားသွားခဲ့ပါတယ်။