ကာတာကမ္ဘာ့ဖလားက နေမာရဲ့နောက်ဆုံးကမ္ဘာ့ဖလားဖြစ်နိုင်တယ်ဆိုတဲ့အပေါ် မာကွင်ဟိုစ်က ဖြေရှင်းလာခဲ့တာပါ။

ဘရာဇီးနဲ့ PSG နောက်ခံလူ မာကွင်ဟိုစ်က လာမယ့် (၂၀၂၂) ကမ္ဘာ့ဖလားအပြီးမှာ နေမာအနားယူမယ်ဆိုတဲ့ သတင်းက နားလည်မှုလွဲတဲ့ကိစ္စဖြစ်တယ်လို့ ဖွင့်ဟပြောကြားလာပါတယ်။ နေမာဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေမှာ သူ့ရဲ့နိုင်ငံတကာ ကစားသမားဘဝ အနာဂတ်နဲ့ ပတ်သက်လို့ ဖွင့်ဟပြောကြားခဲ့တာပါ။



အဲ့ဒီလိုဖွင့်ဟပြောကြားခဲ့မှုမှာ နေမာက သူ့ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာ အခြေအနေက နိုင်ငံတကာပွဲတွေ ဆက်ကစားဖို့ အခြေအနေပေး၊ မပေးကို ကြိုတင်မသိနိုင်တာကြောင့် ကာတာကမ္ဘာ့ဖလားက သူ့အတွက် နောက်ဆုံးကမ္ဘာ့ဖလားဖြစ်လာနိုင်ကြောင်း၊ ဒီကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူ့ရဲ့ငယ်ဘဝအိပ်မက်ဖြစ်တဲ့ ဘရာဇီးအတွက် ကမ္ဘာ့ဖလားဆွတ်ခူးပေးနိုင်ရေး အမှန်တကယ် အကောင်အထည်ပေါ်လာရေးအတွက် အရာအားလုံး ကြိုးစားသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အဲ့ဒီလိုမျိုး နေမာရဲ့ ပြောစကားကြောင့် သူ့ပရိသတ်တွေက စိတ်ပျက်ဝမ်းနည်းခဲ့ရပြီး လာမယ့် (၂၀၂၆) ကမ္ဘာ့ဖလား၊ မက်ဆီ၊ ရော်နယ်ဒိုတို့ မပါဝင်တော့တဲ့ ကမ္ဘာ့ဖလားမှာ နေမာကို မြင်တွေ့လိုသေးတဲ့ ဆန္ဒတွေ ပျက်စီးခဲ့ရတာပါ။ ဒါပေမယ့် လက်ရှိအချိန်မှာ ဒီကိစ္စက နားလည်မှုလွဲတဲ့ကိစ္စဖြစ်တယ်လို့ မာကွင်ဟိုစ်က ပြောကြားလာခဲ့ပါတယ်။

မာကွင်ဟိုစ်က “ကျွန်တော့်စိတ်ထင် နေမာရဲ့ပြောစကားအပေါ် ထုတ်ပြန်ချက်က နားလည်မှုလွဲတာ၊ ဘာသာပြန်လွဲတာဖြစ်နိုင်ပါတယ်။ လာမယ့် (၄) နှစ်အတွင်း သူဘာတွေဖြစ်နေမလဲဆိုတာ သူကိုယ်တိုင်တောင် မသိသေးဘူးလို့ ပြောထားတာ မကြာသေးပါဘူး။ အဲ့ဒါက အဓိပ္ပာယ်ရှိတယ်လေ”

“ဒီလောက် အဝေးကြီးလိုသေးတဲ့အချိန်ကို ကျွန်တော်သာဆိုရင်လည်း ဘာဖြစ်မယ် ကြိုမသိနိုင်ပါဘူး။ သူ့အပေါ်မှာ ပရိသတ်တွေထားတဲ့ မျှော်လင့်ချက်တွေကို နေမာက သိသလို နားလည်းနားလည်ထားပါတယ်။ သူက လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲကို အာရုံစိုက်ကစားမယ်ပြောခဲ့တာပါ။ သူပြောခဲ့သမျှကလည်း နိုင်ငံအသင်းအတွက်ပါပဲ။ ကလပ်အသင်းကိစ္စမဟုတ်ပါဘူး”

“ဒါက တော်တော်ကြီးကို နားလည်မှုလွဲသွားတဲ့ကိစ္စပါပဲ။ PSG အတွက် မကစားပေးချင်တော့ဘူးဆိုတဲ့ ဆန္ဒ သူ့ဆီမှာ လုံးဝမရှိပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ နေမာဟာ ဘရာဇီးနဲ့အတူ ကွန်ဖက်ဒရေးရှင်းဖလား အောင်မြင်မှုသာရရှိထားပြီး နောက်ထပ်ကြီးမားတဲ့ အောင်မြင်မှုတစ်ခုကို ဆွတ်ခူးနိုင်ဖို့ ဆန္ဒရှိနေတာလည်းဖြစ်ပါတယ်။  

Share

က္က