လာမယ့် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကတော့ တဖြည်းဖြည်းနီးကပ်လာပါပြီ။ အခုဆိုရင် ပြိုင်ပွဲကျင်းပဖို့အတွက် အချိန်အားဖြင့် ၁ လကျော်ခန့်သာ လိုတော့ပြီး မကြာခင်အချိန်မှာပဲ ထူးခြားတဲ့ ပြိုင်ပွဲကြီးတခုကို အားလုံးခံစားရတော့မှာပါ။ ဒီတကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲကတော့ အရှေ့အလယ်ပိုင်းဒေသမှာ ကျင်းပတာဖြစ်ပြီး ပူပြင်းတဲ့ရာသီဥတုကြောင့် အချိန်တွေပြောင်းလဲကစားရမှာဖြစ်သလို ပြိုင်ပွဲကာလကိုလည်း နောက်ဆုတ်ကျင်းပခဲ့ရတာပါ။
ပြိုင်ပွဲနီးကပ်လာတာနဲ့အမျှ အိမ်ရှင်ကာတာနိုင်ငံရဲ့ ပိတ်ပင်တားမြစ်မှုတွေကလည်း တခုပြီးတခုထွက်ပေါ်လာခဲ့ပါတယ်။ ကနဦးမှာ ကာတာက လူမြင်ကွင်းမှာ အရက်သေစာသောက်စားတာကို ခွင့်ပြုမှာမဟုတ်ဘူးလို့ ကြေညာထားသလို ကွင်းအတွက်မှာ အကျီချွတ်အားပေးလို့ မရဘူးဆိုတဲ့စည်းကမ်းလည်း ထုတ်ပြန်ခဲ့ပြီး အခုအခါ နောက်ဆုံးတားမြစ်မှုတခုအဖြစ် မက္ကဆီကိုပရိသတ်တွေရဲ့ နာမည်ကျော် Lucha libre မျက်နှာဖုံးတွေတပ်ဆင်တာကိုလည်း ခွင့်ပြုမှာမဟုတ်ဘူးဆိုလိုပါတယ်။
Lucha libre ဆိုတာကတော့ freestyle wresting လို့ အဓိပ္ပာယ်ရသလို free fight လို့လည်း ဆိုပါတယ်။ လက်တင်အမေရိကအသုံးအနှုန်းဖြစ်ပြီး ပရော်ဖက်ရှင်နယ်နပန်းသမားတွေကို ရည်ရွယ်သုံးနှုန်းထားတာပါ။ မက္ကဆီကိုမှာ နပန်းကို စတင်မိတ်ဆက်ချိန်ကစပြီး ရောင်စုံမျက်နှာဖုံးတွေတပ်ဆင်ကာ လျင်မြန်မှု၊ လေထဲပျံဝဲပြီး ကစားပြမှုတွေနဲ့အတူ ထူးခြားတဲ့အမျိုးအစားတခုအဖြစ် ထင်ရှားခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရေးကော်မတီကတော့ ဒီအစဉ်အလာကို လက်ခံမှာမဟုတ်ဘူးလို့ ကြေညာခဲ့ပြီး ကွင်းအတွင်းမှာ ပရိသတ်တွေကို ဝတ်ဆင်ခွင့်မပေးဘူးလို့ ဆိုခဲ့ကြောင်း စပိန်သတင်းစာ Marca က ဆိုပါတယ်။ မက္ကဆီကိုနိုင်ငံခြားရေးဝန်ကြီးဌာနက ပြည်သူ့သံတမန်ရေးရာအရာရှိ အယ်လ်ဖွန်ဆိုဇက်ဂ်ဘီကတော့ ဒီဆုံးဖြတ်ချက်အတွက် စိတ်ပျက်မိတယ်လို့ ပြောဆိုခဲ့ပြီး ဒါက ဘာပြသနာများရှိနေလို့လဲလို့ မေးခွန်းထုတ်ခဲ့ပါတယ်။
ကာတာကို လာရောက်အားပေးမယ့် ပရိသတ်တွေအတွက် နောက်ထပ်ကန့်သတ်ချက်တွေကတော့ နိုင်ငံတွင်းကို အရက်သေစာ သယ်ဆောင်မလာဖို့ဆိုတဲ့အချက် ပါဝင်ပါတယ်။ လေဆိပ်မှာ တွေ့ရှိတာနဲ့ သိမ်းဆည်းသွားမှာဖြစ်ပြီး လူမြင်ကွင်းမှာ သောက်စားတာ၊ လိင်ဆက်ဆံတာတွေကိုလည်း ပြင်းပြင်းထန်ထန် အရေးယူသွားမှာပါ။ အရက်ဘီယာတွေကိုလည်း လိုင်စင်ချပေးထားတဲ့ ဆိုင်တွေမှာ သတ်မှတ်အသက်အရွယ်ရှိသူမှသာ ဝယ်ယူနိုင်မှာဖြစ်ပြီး အချိန်အကန့်အသတ်နဲ့သာ ရောင်းချမှာပါ။
အဝတ်အစားတွေကိုလည်း သပ်သပ်ရပ်ရပ်ဝတ်ဆင်ဖို့လိုအပ်ပြီး ဘောင်းဘီတိုနဲ့ လက်ပြတ်အကျီတွေကို ဝတ်ဆင်တာာကို ရှောင်ရှားတာက အကောင်းဆုံးဖြစ်မယ်လို့လည်း အကြံပေးထားကြပါတယ်။ ဆေးလိပ်ကိုလည်း ကန့်သတ်ထားတဲ့နေရာတွေမှာသာ သောက်သုံးနိုင်ပြီး E-စီးကရက်တွေ တင်သွင်းဝယ်ယူမှုကိုလည်း ၂၀၁၄ ကတည်းက တားမြစ်ခဲ့ပြီး လက်ရှိမှာလည်း တားမြစ်ထားတယ်လို့ သိရပါတယ်။