ဘောလုံးဂန္တဝင်ဟောင်းကြီး အွန်နရီက ဒီနှစ် ဘလွန်းဒီအော်ဆုကို မက်ဆီ ရရှိဖို့ ထိုက်တန်ကြောင်း ပြောကြားလိုက်ပါတယ်။ အကြောင်းရင်းကတော့ မက်ဆီဟာ ပြီးခဲ့တဲ့ (၂၀၂၂) ကာတာကမ္ဘာ့ဖလားမှာ အာဂျင်တီးနားနဲ့အတူ ဗိုလ်စွဲနိုင်ခဲ့တာကြောင့်လို့ ဆိုပါတယ်။
(၂၀၂၃) ခုနှစ်ရဲ့ ဘလွန်းဒီအော်ဆုပေးပွဲကို ဒီအောက်တိုဘာလကုန်ပိုင်းမှာ ကျင်းပတော့မှာဖြစ်ပါတယ်။ ဒီအချိန်မှာပဲ မက်ဆီရသင့်တယ်၊ ဟာလန်းရသင့်တယ်ဆိုပြီး အငြင်းအခုန်တွေ ရှိနေကြတာပါ။
မက်ဆီရဲ့ ပရိသတ်တွေကတော့ မက်ဆီက ပီအက်စ်ဂျီနဲ့ မအောင်မြင်ခဲ့ပေမယ့် အာဂျင်တီးနားကို ကမ္ဘာ့ဖလားဆွတ်ခူးနိုင်အောင် စွမ်းဆောင်ပေးခဲ့တာကြောင့် ဘလွန်းဒီအော်နဲ့ ထိုက်တန်ကြောင်းဆိုပါတယ်။ ဟာလန်းကလည်း ပြီးခဲ့တဲ့ရာသီမှာ ပြိုင်ပွဲစုံသွင်းဂိုး (၅၂) ဂိုးအထိ သွင်းယူခဲ့သူပါ။
အဲ့ဒါကြောင့်လည်း မန်စီးတီးနဲ့အတူ သမိုင်းဝင် ဖလား (၃) လုံးရရှိခဲ့တဲ့ ဟာလန်းက ဒီနှစ် ဘလွန်းဒီအော်ဆုနဲ့ ထိုက်တန်ကြောင်း ငြင်းခုန်နေကြတာဖြစ်ပါတယ်။ အွန်နရီကတော့ “လူအများအပြားက ကျွန်တော်နဲ့ စကားနိုင်လုနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ ကမ္ဘာ့ဖလားရခဲ့တယ်၊ မက်ဆီ စွမ်းဆောင်ခဲ့တာ၊ ဖိုင်နယ်မှာ လုပ်ပြခဲ့တာတွေနဲ့ ပတ်သက်ရင်တော့ ဒီအတိုင်းပါပဲ”
“ပြင်သစ်သားတစ်ယောက်အနေနဲ့တော့ ဒီလိုမျိုး ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့တာက အနည်းငယ်စိတ်ပျက်စရာပါ။ ဒါပေမယ့်လည်း မက်ဆီ ဘလွန်းဒီအော်ဆုရသွားရင်တော့ ဒါက မထိုက်တန်ဘူးဆိုပြီး သွားပြောနေလို့ မရပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။