ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ခ်က မန်စီးတီးကို ယှဥ်ကစားနိုင်တဲ့ အသင်းက ကမ္ဘာပေါ်မှာ ယူနိုက်တက်တစ်သင်းတည်းသာရှိကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။ မနေ့ညက အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ တန်ဟက်ခ်ရဲ့အသင်းက မန်စီးတီးကို ၂-၁ ဂိုးနဲ့ အရေးနိမ့်ကာ အက်ဖ်အေဖလားနဲ့ လွဲချော်ခဲ့ရပါတယ်။
ဒီပွဲမှာ မန်စီးတီးအတွက် ဂိုးတွေကို အသင်းခေါင်းဆောင် ဂွန်ဒိုဂန်က ပင်နယ်တီ ဧရိယာအပြင်ဘက်တွေကပဲ ကန်သွင်းယူခဲ့ပါတယ်။ ယူနိုက်တက်အတွက် ချေပဂိုးတစ်ဂိုးကိုတော့ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က ပင်နယ်တီကတစ်ဆင့် သွင်းယူပေးခဲ့ပါတယ်။
ပွဲအပြီးမှာတော့ တန်ဟက်ခ်က “မန်စီးတီးလို အသင်းမျိုးနဲ့ ရင်ဆိုင်ရချိန်မှာ ပွဲချိန်အတွင်း ဘာကိုမှ အရှုံးမပေးခဲ့ဘူးဆိုရင် ဒီအသင်းကို ချီးကျူးရမှာပါ။ ဒါပေမယ့် အခုလိုမျိုး ဂိုးတွေကို ပေးခဲ့ရတာကတော့ စိတ်ပျက်စရာပါ။ ကျွန်တော့်အထင် ကမ္ဘာပေါ်မှာ မန်စီးတီးကို ယှဥ်ကစားနိုင်စွမ်းရှိတာက ကျွန်တော်တို့ တစ်သင်းတည်းပဲရှိပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။
ဆက်လက်ပြီးတော့လည်း တန်ဟက်ခ်က “ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့ ရာသီတစ်ခုကို ပိုင်ဆိုင်ခဲ့ပါတယ်။ အစပိုင်းမှာ ကျွန်တော်တို့ စိတ်ကူးထားတာထက် ပိုကောင်းတဲ့ရာသီမျိုးကို ပိုင်ဆိုင်ခဲ့တာပေါ့။ ကျွန်တော်တို့ ပရီးမီးယားလိဂ်မှာ အဆင့် (၃) နဲ့ ရာသီသိမ်းနိုင်ခဲ့တယ်၊ ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့တယ်၊ ဖလားတစ်လုံးရခဲ့ပြီး ဗိုလ်လုပွဲတစ်ပွဲ ထပ်ကစားခဲ့ရတယ်။ ကျွန်တော့်အသင်းနဲ့ပတ်သက်လို့ ကျွန်တော် ပျော်ရွှင်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။
တန်ဟက်ခ်ဟာ ပရီးမီးယားလိဂ်မှာ ဖာဂူဆန်နောက်ပိုင်း ယူနိုက်တက်အတွက် အမှတ်အများဆုံး ရယူပေးနိုင်ခဲ့တဲ့ နည်းပြ၊ အသင်းနဲ့ ပထမဆုံးရာသီမှာ နိုင်ပွဲအများဆုံးနည်းပြ၊ အိမ်ကွင်းနိုင်ပွဲအများဆုံးနည်းပြ အစရှိတဲ့ ဂုဏ်ပုဒ်တွေကို ပိုင်ဆိုင်ခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ယူနိုက်တက်ပရိသတ်တွေက အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ အရေးနိမ့်ခဲ့ပေမယ့် တန်ဟက်ခ်နဲ့ပတ်သက်လို့ ကျေနပ်ကြောင်း သူတို့ရဲ့ ဆိုရှယ်မီဒီယာတွေမှာ အသီးသီး ရေးသားနေကြပါတယ်။