တရုတ်နိုင်ငံမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ Motorola ထုတ်ကုန်သစ်မိတ်ဆက်ပွဲ အစီအစဉ် ပယ်ဖျက်ခဲ့တယ်လို့ ဆိုပါတယ်။
ကမ္ဘာ့ပထမဆုံး 200MP Sensor သုံး စမတ်ဖုန်းအဖြစ် မြင်ရမယ့် Moto X30 Pro ကို Motorola ရဲ့ ၂၀၂၂ မော်ဒယ် ခေါက်သိမ်းနိုင်ဖုန်း Motorola Razr 2022 နဲ့အတူ မနေ့ည ဒေသစံတော်ချိန် ၇ နာရီခွဲက တရုတ်မှာ မိတ်ဆက်ဖို့ စီစဉ်ထားတာပါ။ Motorola ဟာ ထုတ်ကုန်သစ် မိတ်ဆက်ပွဲကို အကြောင်းရင်းဖော်ပြခြင်း မရှိဘဲ ပယ်ဖျက်ခဲ့တာ ဖြစ်ပြီး ပြောင်းရွှေ့ကျင်းပမယ့်ရက်အကြောင်းလည်း ကြေညာခဲ့ခြင်း မရှိပါဘူး။
ထိုင်ဝမ်ကို အမေရိကန်အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ နန်စီပလိုစီ လာရောက်လာပတ်ခါနီးမှာ Motorola ဘက်က ပွဲဖျက်သိမ်းကြောင်း ကြေညာချက် ထုတ်ပြန်လိုက်တာပါ။ တရုတ်ပိုင်နယ်မြေတစ်ခုအဖြစ် သတ်မှတ်ထားတဲ့ ထိုင်ဝမ်ကို အမေရိကန်ထိပ်တန်းခေါင်းဆောင်တစ်ဦး လာရောက်ခရီးလှည့်လည်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး တရုတ်နဲ့အမေရိကန်အကြား တင်းမာမှု မြင့်နေချိန်မှာ Motorola ဘက်က ပွဲဖျက်သိမ်းလိုက်တာ ဖြစ်ပါတယ်။
နန်စီ ပလိုစီရဲ့ ထိုင်ဝမ်ခရီးစဉ်အတွက် တန်ရာတန်ကြေးရှိလာမယ်လို့ အမေရိကန်ကို တရုတ်ဘက်က ပြင်းပြင်းထန်ထန် သတိပေးပြီးနောက် တင်းမာနေချိန်မှာ Motorola ကုမ္ပဏီအနေနဲ့ Flagship ထုတ်ကုန်သစ်တွေ ကြေညာမယ့်အရေးကို ရက်ရွှေ့သွားခဲ့တာလည်း ဖြစ်ပါတယ်။
ကမ္ဘာ့အကြီးဆုံးကွန်ပျူတာထုတ်လုပ်ရေးလုပ်ငန်း Lenovo ပိုင် ကုန်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Motorola ရဲ့ ထုတ်ကုန်သစ် မိတ်ဆက်ပွဲ ရွှေ့ဆိုင်းလိုက်ကြောင်းကို Lenovo ရဲ့ တရုတ်နိုင်ငံ အထွေထွေမန်နေဂျာတစ်ဦးဖြစ်တဲ့ ချန်ဂျင်က Weibo လူမှုကွန်ရက်ပေါ်မှာ "ဒီနေ့ည ၇ နာရီခွဲမှာ ကျင်းပဖို့ စဉ်ထားတဲ့ moto ထုတ်ကုန်သစ် မိတ်ဆက်ပွဲကို အကြောင်းရင်းတချို့ကြောင့် ပယ်ဖျက်လိုက်ကြောင်း ဝမ်းနည်းစွာနဲ့ အသိပေးချင်ပါတယ်။ moto ထုတ်ကုန်သစ်တွေကို လူတိုင်းအတွက် ယူဆောင်ပေးနိုင်မယ်လို့ ရိုးသားစွာ မျှော်လင့်သလို တရုတ်အသုံးပြုသူတွေ ကြိုက်တဲ့ moto အဖြစ်လည်း ရှိနေမှာပါ" လို့ ကြေညာခဲ့ပါတယ်။
Motorola ကို ပိုင်ဆိုင်တဲ့ Lenovo လုပ်ငန်းစုကို တရုတ်စွန့်ဦးတီထွင်သူ လီယု ချူအင်ဇီက တည်ထောင်ထားတာပါ။ Motorola ရဲ့ မကျင်းပဖြစ်လိုက်တဲ့ ထုတ်ကုန်မိတ်ဆက်ပွဲမှာ Razr 2022 မော်ဒယ်နဲ့ X30 Pro ဖုန်းသစ်တွေ ကြေညာဖို့ စီစဉ်ထားတာပါ။ Moto X30 Pro ဟာ Snapdragon 8+ Gen 1 SoC နဲ့ 200MP ကင်မရာပါဝင်ဖို့ Flagship ဖုန်းဖြစ်လာမယ်လို့လည်း ပြောနေကြပါတယ်။
လတ်တလော ကြားထားရတဲ့ သတင်းတွေအရဆို Moto X30 Pro သစ်ဟာ ၆.၆၇ လက်မ ဘောင်ကွေး FHD+ OLED Screen နဲ့လာပြီး 144Hz Refresh Rate ပါရှိမယ်လို့ ဆိုပါတယ်။ Samsung ထုတ် 200MP ISOCELL HP1 Sensor နဲ့ လာမှာ ဖြစ်လို့ 8K Videos တွေကို 30fps ၊ 4K Videos 120fps နှုန်းနဲ့ ရိုက်ကူးနိုင်ဖို့လည်း ရှိပါတယ်။