လူသားမျိုးနွယ်စုတွေဟာ ဒိုင်နိုဆောတွေလိုပဲ မျိုးသုဉ်းပျောက်ကွယ်ရလိမ့်မယ်လို့ ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီး အီလွန်မတ်စ်က ပြောလိုက်ပါတယ်။
SpaceX ဘီလျံနာ အီလွန်မတ်စ်က Follower ၁၀၄ သန်းရှိတဲ့ သူ့ရဲ့ Twitter အကောင့်ကနေ လူသားမျိုးနွယ်စုရဲ့ အဆုံးသတ်အကြောင်း သတိပေးလိုက်တာပါ။ အသက် ၅၁ နှစ်အရွယ် သူဌေးကြီးက ဒိုင်နိုဆောတွေ သေဆုံးခဲ့ရပုံအကြောင်း BBC ရဲ့ သတင်းဆောင်းပါးလင့်ခ်တစ်ခုကို Share ပြီး လူသားတွေလည်း ပျက်သုဉ်းရတော့မယ်လို့ Twitter ကနေ ပြောလိုက်တာ ဖြစ်ပါတယ်။
"နောက်တစ်ကြိမ် ဖြစ်လာပါလိမ့်မယ်။ အချိန်ပဲ လိုတယ်" လို့ သူက ဆောင်းပါးကို မှတ်ချက်ချပါတယ်။ "Cretaceous တွေကို အဆုံးသတ်ခဲ့တဲ့ ဥက္ကာခဲကြီးဟာ Tyrannosaurus နဲ့ Triceratops တို့လို နာမည်ကြီး ဒိုင်နိုဆောတွေနဲ့ Anzu ဒါမှမဟုတ် ငရဲပြည်က ကြက်ကလေးတို့လို လူသိနည်းပြီး ပုံစံထူးခြားတဲ့ သတ္တဝါတွေ ယူဆောင်သွားခဲ့ပါတယ်။" လို့ ဆောင်းပါးထဲမှာ ရေးထားပါတယ်။ ဒီဆောင်းပါးထဲမှာပဲ ကမ္ဘာဂြိုလ်ပေါ်က အရင်ရှိနေခဲ့တဲ့သတ္တဝါတွေအစား Purgatorius တို့လို ကြွက်ပုံစံတိရစ္ဆာန်ငယ်တွေနဲ့ လူသားအစ ရှေးဟောင်းမျိုးနွယ်စုတွေ အစားထိုးဝင်ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။
"ရှင်သန်ကျန်ရစ်ခဲ့သူတွေက ရှေးဦး ပရိုင်းမိတ်တွေလို့ လူသိများတဲ့ Purgatorius တွေ ဖြစ်ပါတယ်။ Purgatorius တွေက ရှဉ့်ပေါက်စလေးတွေနဲ့ ပူးတွေ စပ်ထားတဲ့ သတ္တဝါငယ်တွေပါ။ ကမ္ဘာပျက်ကိန်းဆိုက်ချိန်မှာ ဒီအကောင်လေးတွေလည်း အကြီးအကျယ်ပျက်သုဉ်းသွားခဲ့ပေမယ့် မျိုးနွယ်စုတွေကတော့ ရှင်သန်နိုင်ခဲ့ပါတယ်။" လို့ BBC ဆောင်းပါးက ဆိုပါတယ်။ ကမ္ဘာပျက်ကိန်း နောက်တစ်ကြိမ် ကြုံလာချိန်မှာ လူသားမျိုးနွယ်စုလည်း အဆုံးသတ်တော့မယ် ဆိုတဲ့ အီလွန်မတ်စ်ရဲ့ ပြောကြားချက်ကို သူ့ရဲ့ Followers အများစုက လက်ခံကြပါတယ်။
"ဟုတ်ပါတယ်။ အရင်ကျွန်တော်တို့ သိခဲ့တဲ့ အတိတ်ကမ္ဘာကြီးရဲ့ ၁၀% ဟာ ပျက်သုဉ်းမှုကြီး ၅ ခုနဲ့ ကြုံနေပါတယ်။ ဒါကြောင့်ပဲ နှစ်သန်း ၅၀ နဲ့ ၁၀၀ ကြားတိုင်းမျာ တစ်ကြိမ်နှုန်းဖြစ်လာမယ်။ အခုဆို နှစ်သန်းပေါင်း ၆၅ သန်း ရှိပြီ။ ဂြိုလ်ကမ္ဘာနှစ်ခုမှာ နေထိုင်မှုဆိုတာ အခုကစပြီး လုပ်သင့်ပါပြီ" လို့ တစ်ယောက်က ထောက်ခံရေးထားပါတယ်။
အီလွန်မတ်စ်ဟာ ကမ္ဘာကို လူအစား AI စက်ရုပ်တွေ ကြီးစိုးသွားမယ်လို့လည်း ပြောထားသူ ဖြစ်ပါတယ်။ သူ့အလိုအရ AI စက်ရုပ်တွေရဲ့ ကမ္ဘာဟာ နာမည်ကျော် The Terminator ကားထဲက မြင်ကွင်းနဲ့ ဆင်နေမယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် လူ့အဖွဲ့အစည်းပြိုလဲသွားစေနိုင်တဲ့ အကြောင်းရင်းတချို့အကြောင်းပါ သူက ပြောထားတာ ရှိပါတယ်။ "ကလေးမွေးဖွားနှုန်း ကျဆင်းမှုကြောင့် လူဦးရေ လျော့ကျသွားမှုဟာ ကမ္ဘာကြီးပူနွေးလာမှုထက် လူသားမျိုးနွယ်စုကို ပိုကြီးမားတဲ့ အန္တရာယ်ပေးနိုင်တယ်" လို့လည်း Tesla CEO အီလွန်မတ်စ်က သတိပေးထားပါတယ်။
"အနည်းဆုံးတော့ လူဦးရေ ထိန်းထားနိုင်ဖို့ ကလေးများများယူကြပါ " လို့လည်း သူက ထပ်ပြောပါတယ်။ ကလေးယူဖို့ အဓိကတိုက်တွန်းပေမယ့် ကမ္ဘာကြီး ပူနွေးမှုကိုလည်း အဓိကကျတဲ့ အန္တရာယ်တစ်ခုအဖြစ် လက်ခံကြောင်းလည်း ပြန်ပြောထားပါတယ်။ အိမ်ထောင် ၃ ဆက် ကျခဲ့တဲ့ သူဌေးကြီးဟာ သားသမီး ၁၀ ဦးရဲ့ ဖခင်ဖြစ်ပြီး ကလေးတစ်ယောက်ကတော့ မွေးဖွားပြီး ၁၀ ပတ်အကြာမှာ ဆုံးပါးသွားခဲ့ပါတယ်။