လေလံပွဲမှာ​ ပေါင် ၄ သန်းနဲ့ ကမ်းလှမ်းထားတယ်လို့ဆိုပါတယ်။

၁၉၈၆ ခုနှစ် ကမ္ဘာ့ဖလားကွာတားဖိုင်နယ်မှာ အင်္ဂလန်အသင်းဘက်ကို မာရာဒိုနာက လက်နဲ့ပုတ်ပြီး ဂိုးသွင်းယူခဲ့ပါတယ်။ အဆိုပါဂိုးကို ဘုရားပေးသောလက်လို့ မာရာဒိုနာက ကင်ပွန်းတပ်ခဲ့ပြီး အာဂျင်တီးနားကို အဆိုပါနှစ်ရဲ့ ကမ္ဘာ့ဖလားကိုပါ ဆွတ်ခူးပေးနိုင်ခဲ့ပြီး ဒီနေ့ဒီအချိန်ထိ အဆိုပါပွဲစဉ်ရဲ့အဖြစ်အပျက်က ဘောလုံးသမိုင်းမှာ အထင်အရှားရှိနေခဲ့ပါတယ်။ 

မာရာဒိုနာဟာ ဘောလုံးကို ခေါင်းခုန်တိုက်ဖို့ကြိုးစားနေရင်းနဲ့ လက်နဲ့ပုတ်ကာ သွင်းယူခဲ့ပြီး ကွင်းလယ်ဒိုင်ကလည်း ဂိုးအဖြစ်သတ်မှတ်ပေးခဲ့ပါတယ်။ အင်္ဂလန်အတွက်တော့ အကြီးအကျယ်ဒေါသထွက်စရာဖြစ်ခဲ့ပြီး အငြင်းပွားမှုတွေလည်း အများကြီးဖြစ်ခဲ့ပါတယ်။ အခုအခါမှာတော့ မာရာဒိုနာက ကွယ်လွန်ခဲ့ပြီဖြစ်ကာ အင်္ဂလန်နဲ့ပွဲမှာ သူ ဝတ်ဆင်ခဲ့တဲ့ ဂျာစီကို လေလံတင်ရောင်းချဖို့ စီစဉ်နေတာဖြစ်ပါတယ်။ 

အဆိုပါဂျာစီကို လက်ရှိမှာ ပိုင်ဆိုင်ထားသူက Steve Hodge ဖြစ်ပြီး အင်္ဂလန်-အာဂျင်တီးနားပွဲအပြီးမှာပဲ ဂျာစီချင်းလဲလှယ်ခဲ့တာဖြစ်ပါတယ်။ နော်တင်ဟမ်၊ ဗီလာနဲ့ လိဒ်ကစားသမားဟောင်းက ဒီ ဂန္ထဝင်ဂျာစီကို ဧပြီလ ၂၀ ရက်နေ့မှာ ပြုလုပ်မယ့် Sotheby လေလံပွဲမှာ ရောင်းချမှာဖြစ်ပြီး ပေါင် ၄ သန်းပေးကာ ကမ်းလှမ်းထားမှုတခုရှိတယ်လို့ သိရပါတယ်။ 

လေလံပွဲကတော့ မေလ ၄ ရက်နေ့မှာမှ ပြီးဆုံးမှာဖြစ်ပြီး လေလံအိမ်မှာပဲ ဂျာစီကို ခင်းကျင်းပြသထားပါတယ်။ အဆိုပါ ပေါင် ၄ သန်းနဲ့သာ ရောင်းချနိုင်ခဲ့မယ်ဆိုရင်တော့ လွန်ခဲ့တဲ့ နှစ် ၂၀ က ပီလီရဲ့ ကမ္ဘာ့ဖလားမှာ အီတလီကို အနိုင်ရတဲ့ပွဲမှာ ဝတ်ဆင်ခဲ့တဲ့ဂျာစီကို ရောင်းချခဲ့မှုကနေ ရခဲ့တဲ့ ပေါင်တသိန်းခွဲကျော်ထက် တန်ဖိုးများပြားမှာဖြစ်ပြီး ဘောလုံးသမိုင်းမှာ စျေးအကြီးဆုံးဂျာစီလည်းဖြစ်လာတော့မှာပါ။ 

Share

Loading Next Article...
က္က