မနေ့ညက မန်စီးတီးနဲ့ရီးရဲလ်မက်ဒရစ်တို့ရဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲကတော့ ပရိသတ်တွေအတွက် ရသအစုံအလင်ပေးခဲ့တဲ့ပွဲလို့ဆိုရမှာပါ။ နှစ်သင်းကြား အပြန်အလှန်သွင်းဂိုးတွေနဲ့အတူ မန်စီးတီးက အိမ်ကွင်းမှာ ၄-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဒီပွဲမှာ ရီးရဲလ်မက်ဒရစ်ဘက်က ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရသည့်တိုင် အသင်းခေါင်းဆောင် တိုက်စစ်မှူး ဘန်ဇီမာရဲ့ တိကျသေချာတဲ့ အဆုံးသတ်တွေကြောင့် ရီးရဲလ်မက်ဒရစ်တို့ အဝေးကွင်းမှာ ဂိုးတွေ ပြန်ရခဲ့တယ်ဆိုရင် မမှားပါဘူး။ ဘန်ဇီမာသွင်းယူခဲ့တဲ့ ဂိုးနှစ်ဂိုးမှာ Panenka ကန်ချက်နဲ့ သွင်းယူခဲ့တဲ့ ပင်နယ်တီဂိုးက တော်တော်လေးကို ရေပန်းစားနေပါတယ်။
ဒီဂိုးကြောင့်လည်း ရီးရဲလ်မက်ဒရစ်တို့ ဒုတိယအကျာ့ ဘာနေဗျူးပွဲအတွက် အခွင့်အရေးကောင်းတွေ ရှိနေသေးတယ်လို့ဆိုနိုင်ခဲ့ပြီး ဒီဂိုးကို ဘန်ဇီမာ ကန်သွင်းယူပြီးချိန်မှာ ဂွါဒီယိုလာတယောက် ဖြစ်ပျက်ခဲ့ပုံကလည်း ဆိုရှယ်မီဒီယာပေါ်မှာ ရေပန်းစားခဲ့ပါတယ်။ ၄-၂ ဂိုးနဲ့ ရှုံးနေချိန်မှာ ဘန်ဇီမာ ကန်သွင်းတဲ့ပုံစံက အန္တရာယ်များခဲ့ပါတယ်။
ဒါပေမယ့် သူက ကမ္ဘာ့သွေးအအေးဆုံး ပင်နယ်တီကို ကန်သွင်းခဲ့တယ်လို့တောင် ပြောနိုင်ခဲ့ပြီး ဂွါဒီယိုလာကတော့ ဘန်ဇီမာရဲ့ ပင်နယ်တီအပေါ် မချိတင်ကဲနဲ့ နေမထိထိုင်မသာဖြစ်ခဲ့ရပါတယ်။ ပုံမှန်အားဖြင့် ကွင်းဘေးမှာ စိတ်ခံစားချက် အလွန်များတယ်လို့ဆိုနိုင်တဲ့ နည်းပြ ဂွါဒီယိုလာအတွက် ရီးရဲလ်မက်ဒရစ်လို ဥရောပဘီလူးကြီးနဲ့ ရင်ဆိုင်ရတဲ့ပွဲက စိတ်လှုပ်ရှားဖို့ တော်တော်ကောင်းခဲ့ပါတယ်။
ပထမပိုင်းမှာ သူ့ကစားသမား မာရက်ဇ် အပိုင်အခွင့်အရေးတကြိမ်ကို အသင်းဖော်တွေဆီ လူမပေးဘဲ တကိုယ်ကောင်းကောင်းဆန်ဆန် ကန်သွင်းခဲ့ချိန်မှာလည်း ဂွါဒီယိုလာတယောက် အကြီးအကျယ် ဒေါသပေါက်ကွဲခဲ့ပါသေးတယ်။ အဲ့ဒီဖြစ်ရပ်မှာလည်း နည်းစနစ်ဧရိယာကို ဒေါသတကြီးနဲ့ ကျော်ထွက်လာတဲ့ ဂွါဒီယိုလာကို စတုတ္ထဒိုင်က အနားကပ်ပြီး အနည်းငယ်ဖျောင်းဖျခဲ့ရပါသေးတယ်။