နိုင်ငံတစ်နိုင်ငံကို သွားလည်တဲ့အခါ ရှေးဟောင်းသမိုင်းနဲ့ ယဉ်ကျေးမှုတွေတင်မကဘဲ အဲဒီနိုင်ငံရဲ့ ရိုးရာဟင်းလျာတွေကိုလည်း လက်လွှတ်မခံသင့်ဘူးနော်။ ကမ္ဘာတစ်လွှားက နာမည်ကြီးတဲ့ ဟင်းပွဲနဲ့ အချိုပွဲတွေအကြောင်း တစ်စေ့တစ်စောင်းလေ့လာနိုင်ဖို့ အပိုင်း (၁)ကို ဖတ်ကြည့်လို်ပါဦး။
BBQ - သြစတြေးလျ
ညနေခင်းအပန်းဖြေဖို့ အလိုက်ဖက်ဆုံးဖြစ်တဲ့ Aussie BBQ, ဝက်အူချောင်းပူပူနဲ့ ခရမ်းချဉ်သီးဆော့စ်ကတော့ ဩစတေးလျရဲ့ နာမည်အကြီးဆုံးပါပဲ။ ဩစတေးလျမှာတော့ BBQ အသားကင်တာဟာ အချက်အပြုတ်အတွက်သာမကဘဲ လူမှုဆက်ဆံရေးမှာပါ အရေးပါတဲ့ ရည်ရွယ်ချက်တွေ ပါဝင်ပါတယ်။ မိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့ ပေါ့ပေါ့ပါးပါးတွေ့ကြတဲ့အခါတိုင်း BBQ အသားကင်မျိုးစုံ၊ အကြော်အလှော်တွေနဲ့ အဖျော်ယမကာတွေ တွဲသောက်ကြလေ့ရှိပါတယ်။ BBQဟာ မရင်းနှီးသေးတဲ့လူတွေကိုပါ ပေါင်းစည်းစေတဲ့ တံတားတစ်ခုလို့လည်း မှတ်ယူကြတယ်လေ။
Tandoori ကြက်သားဟင်း - အိန္ဒိယ
ကြက်သားကြိုက်တဲ့သူတွေအတွက်တော့ Tandoori ဟင်းက လုံးဝအတွေ့အကြုံသစ်ဖြစ်မှာပါ။ အိန္ဒိယရဲ့ ထင်ရှားကျော်ကြားတဲ့ ဟင်းပွဲတွေထဲက တစ်ခုဖြစ်တဲ့ Tandoori ဟင်းဟာ မဆလာ၊ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ အရည်ရွှမ်းတဲ့ ကြက်သားကို မြေစေးမီးဖိုမှာ ကင်ထားပြီး ဟင်းသီးဟင်းရွက်၊ ဒိန်ချဉ်၊ ထမင်းတို့နဲ့ တွဲဖက်စားရတာ ဖြစ်ပါတယ်။ ၁၉၄၀ ခုနှစ်နှောင်းပိုင်းတွေဆီတုန်းက အိန္ဒိယနိုင်ငံ၊ နယူးဒေလီရှိ Moti Mahal စားသောက်ဆိုင်ကနေ စပြီး ခေတ်စားလာခဲ့တဲ့ ဒီဟင်းပွဲဟာ အခုဆိုရင်တော့ တစ်ကမ္ဘာလုံးမှာပါ ရေပန်းစားနေပြီဖြစ်ပါတယ်။
Poutine - ကနေဒါ
ကယ်လိုရီအတွက် ထည့်မတွက်ချင်တော့အောင်ကို ဒီဟင်းပွဲက အရသာရှိလွန်းလှပါတယ်။ အပေါင်းအသင်းတွေနဲ့ပဲဖြစ်ဖြစ် တစ်ယောက်တည်းပဲဖြစ်ဖြစ် စားလို့အဆင်ပြေတဲ့ Poutineမှာ အာလူးချောင်းကြော်ကို ဒိန်ခဲနဲ့ရောကြော်ထားလို့ တစ်လုပ်ပြီးတစ်လုပ်စားချင်မှာ အသေအချာပါပဲ။ ကနေဒါရိုးရာ ဒီဟင်းပွဲဟာဆိုရင် ၁၉၅၀ ခုနှစ်တွေတုန်းက ကျေးလက် Québec သွားရည်စာဆိုင်တွေမှာ ပထမဆုံးပေါ်လာပြီး ၁၉၉၀ ခုနှစ်တွေမှာတော့ လူကြိုက်များလာခဲ့ပါတော့တယ်။ Poutine ကို ထိပ်တန်းစားသောက်ဆိုင်တွေရဲ့ အကောင်းဆုံး စားသောက်ဖွယ်ရာစာရင်းတိုင်းမှာ တွေ့နိုင်ပါတယ်။
Biltong - တောင်အာဖရိက
Biltong (သို့) အမဲသားတောက်တောက်စင်းကြော်က တောင်အာဖရိကကို အလည်ရောက်ရင်တော့ မဖြစ်မနေ မြည်းစမ်းသင့်တဲ့ ဟင်းပွဲစာရင်းမှာ ထည့်ထားရမှာပါ။ အသားတုံးတွေကို ဆား၊ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ထုံမွှန်းပြီး အခြောက်လှန်းထားတဲ့ ဒီဟင်းပွဲက အဓိကအစားအစာအဖြစ်ရော၊ သွားရည်စာအဖြစ်ပါ စားမြိန်စေပါတယ်။ ဒီဟင်းပွဲဟာဆိုရင် ထူးခြားတဲ့အရသာရှိပြီး အဆာပြေစေရုံသာမကဘဲ အာဟာရပြည့်ဝစေလို့ သွားရည်စာအဖြစ်လည်း လူကြိုက်များကြပါတယ်။
Bouillabaisse - ပြင်သစ်
Croissants နဲ့ Baguettesတွေပဲ နာမည်ကြီးတာ မဟုတ်ပါဘူး၊ Bouillabaisse ကလည်း ပြင်သစ်ရဲ့ အရသာအရှိဆုံး ဟင်းလျာတွေထဲက တစ်ခုဖြစ်ပါတယ်။ Marseilles မြို့ရဲ့ ရိုးရာဒေသခံ ဒီစွပ်ပြုတ်ဟာဆိုရင် ငါး၊ ပင်လယ်စာ၊ သံလွင်ဆီ၊ ခရမ်းချဉ်သီး၊ ဝိုင်နဲ့ အမွှေးအကြိုင်တွေ ပေါင်းစပ်ထားတဲ့အရသာက ငါးမကြိုက်သူတွေတောင် ကြိုက်မှာ အသေအချာပါပဲ။ တံငါသည်တွေ ချက်ပြုတ်စားရာကနေ ပြန့်နှံ့လာတဲ့ ဟင်းတစ်မျိုးဖြစ်ပြီး အခုခါမှာတော့ စားသောက်ဆိုင်တွေမှာ အထူးရေပန်းစားကျော်ကြားနေပြီပဲဖြစ်ပါတယ်။
Pizza- အီတလီ
ပီဇာဟာ အီတလီနိုင်ငံက စတင်တီထွင်ခဲ့တဲ့ အစားအစာတစ်မျိုးဖြစ်ပြီး ကမ္ဘာတစ်ဝန်းလူကြိုက်များလှပါတယ်။ ပီဇာဆိုတဲ့ စကားလုံးကို အေဒီ ၉၉၇ ခုနှစ်၊ Gaetaမှာ ပထမဆုံး မှတ်တမ်းတင်ခဲ့ပြီး အီတလီ အလယ်ပိုင်းနဲ့ တောင်ပိုင်း ဒေသအသီးသီးမှာ ဆက်တိုက် မှတ်တမ်းတင်ထားခဲ့ပါတယ်။ အဝိုင်းပုံသဏ္ဍာန် ဂျုံပြားပေါ်မှာ ပါဝင်ပစ္စည်းအမျိုးမျိုးနဲ့ပေါင်းပြီး ဖုတ်ထားတဲ့ ဒီစားစရာရဲ့ ဂန္တဝင်အရသာကတော့ ခရမ်းချဉ်သီးဆော့စ်၊ mozzarella ဒိန်ခဲနဲ့ လတ်ဆတ်တဲ့ ပင်စိမ်းရွက်တွေ ပါ၀င်တဲ့ Margherita ပီဇာဖြစ်ပါတယ်။
ဒီတစ်ပတ်အတွက် ကမ္ဘာတစ်လွှားက နာမည်ကျော်ကြားတဲ့ ဟင်းပွဲတွေအကြောင်း အပိုင်း (၁)ကိုတော့ ဒီမှာပဲ အဆုံးသတ်လိုက်ပါရစေ။ ကျန်ရှိနေသေးတဲ့ အပိုင်း (၂)ကိုတော့ နောက်အပတ်မှာ ဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့ စောင့်မျှော်ဖတ်ရှုပေးကြပါဦး။
ယခု ခရီးသွားဆောင်းပါးကို Duwun နှင့် Flymya မှ ပူးပေါင်းတင်ဆက်ပါသည်။