ကမ္ဘာ့ရာသီဥတုကဲ့သို့ ရှုပ်ထွေးတဲ့စနစ်တွေကို နားလည်သိရှိရန် လုပ်ဆောင်ခဲ့ကြတဲ့ သိပ္ပံပညာရှင် သုံးဦးကို ၂၀၂၁ ခုနှစ် ရူပဗေဒဆိုင်ရာ နိုဘယ်ဆုအတွက် ရွေးချယ်လိုက်ကြောင်း သိရပါတယ်။
Syukuro Manabe, Klaus Hasselmann နဲ့ Giorgio Parisi တို့ကို ယခုနှစ်ရဲ့ ရူပဗေဒဆိုင်ရာ နိုဘယ်ဆုရှင်တွေအဖြစ် စတော့ဟုမ်းမြို့မှာ ယနေ့ (အောက်တိုဘာ ၅ ရက်) ကျင်းပပြုလုပ်ခဲ့တဲ့ အခမ်အနားကနေ ကြေညာခဲ့ပါတယ်။ Syukuro Manabe နဲ့ Klaus Hasselmann တို့ရဲ့ လေ့လာမှုက ကမ္ဘာတစ်ဝန်း ပူနွေးလာခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ကို မည်သို့ ပြောင်းလဲစေမှာဖြစ်ကြောင်း ကြိုတင်ခန့်မှန်းနိုင်တဲ့ ကမ္ဘာ့ရာသီဥတုဆိုင်ရာ ကွန်ပျူတာစနစ်ကို ဖန်တီးနိုင်ရန် လမ်းစဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
(Photo: NASA)
အဆိုပါ နိုဘယ်ဆုရှင် သုံးဦးဟာ ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁ သန်းကျော်ကို ခွဲဝေရရှိကြမှာ ဖြစ်ပါတယ်။ ကမ္ဘာကြီးရဲ့ ရာသီဥတုကဲ့သို့ ရှုပ်ထွေးတဲ့စနစ်တွေရဲ့ ရေရှည် ဖြစ်နိုင်ခြေကို ကြိုတင်ခန့်မှန်းရန်မှာ အလွန်ခက်ခဲပါတယ်။ သို့သော် ကွန်ပျူတာစနစ်တွေကတော့ ဇီဝရုပ်ကြွင်းလောင်စာ လောင်ကျွမ်းရာကနေ ထုတ်လွှတ်မှုတွေနဲ့ ဆက်စပ်နေတဲ့ သက်ရောက်မှုတွေကိုကို ကြိုတင်ခန့်မှန်းနိုင်ပါတယ်။ ကွန်ပျူတာစနစ်ဖြင့် ထိုသို့ ကြိုတင်ခန့်မှန်းနိုင်ခြင်းက ရာသီဥတုပြောင်းလဲမှုအပေါ် လူတွေရဲ့ နားလည်သိရှိမှုအတွက် အရေးပါပါတယ်။
Syukuro Manabe က လေထုထဲမှာ ကာဗွန်ဒိုင်အောက်ဆိုက် မြင့်တက်လာခြင်းက ကမ္ဘာ့မြေမျက်နှာပြင်မှာ အပူချိန်မြင့်တက်လာမှုကို ဦးတည်စေနိုင်ကြောင်း သရုပ်ပြခဲ့ပါတယ်။ ၎င်းက ၁၉၆၀ ပြည့်လွန် နှစ်များအတွင်း ရာသီဥတုရဲ့ ပုံစံပြမော်ဒယ်တွေ ဖန်တီးမှုကို ဦးဆောင်ခဲ့ပါတယ်။
(Illustrations: Niklas Elmehed)
အကြမ်းဖျင်းအားဖြင့် နောက်ထပ် ဆယ်စုနှစ်တစ်ခုအကြာမှာတော့ Klaus Hasselmann က မိုးလေဝသနဲ့ ရာသီဥတုကို အတူဆက်စပ်ထားတဲ့ ကွန်ပျူတာစနစ်ကို တီထွင်ဖန်တီးခဲ့ပါတယ်။ Giorgio Parisi ရဲ့ ရှာဖွေတွေ့ရှိမှုတွေကလည်း ရှုပ်ထွေးတဲ့စနစ်တွေကို နားလည်သိရှိနိုင်စေခဲ့တယ်လို့ ဆိုပါတယ်။ ၎င်းရဲ့ တွေ့ရှိမှုက ရူပဗေဒမှာသာမကဘဲ သင်္ချာ၊ ဇီဝဗေဒ၊ အာရုံကြောသိပ္ပံဆိုင်ရာနဲ့ စက်က လေ့လာသင်ယူမှုကဲ့သို့ များစွာကွဲပြားခြားနားတဲ့ နယ်ပယ်တွေမှာလည်း အသုံးဝင်ခဲ့ပါတယ်။
နိုဘယ်ဆုတွေကို ဆွီဒင်လူမျိုး ဓာတုဗေဒပညာရှင် အဲလ်ဖရက်နိုဘယ်ရဲ့ သေတမ်းစာအရ ၁၉၀၁ ခုနှစ်မှစပြီး ရွေးချယ်ပေးအပ်လာခဲ့ရာ လက်ရှိအချိန်အထိ ရူပဗေဒဆိုင်ရာ နိုဘယ်ဆုရှင် ၂၁၈ ဦး ရှိခဲ့ပြီး ၎င်းတို့အနက် အမျိုးသမီး ၄ ဦး ပါဝင်ခဲ့ပါတယ်။ အမေရိကန် ရူပဗေဒပညာရှင် John Bardeen က ၁၉၅၆ နဲ့ ၁၉၇၂ ခုနှစ်တို့အတွက် နိုဘယ်ဆု နှစ်ကြိမ်ရရှိထားသူ ဖြစ်ပါတယ်။
Ref: Reuters, BBC, The Nobel Prize