အရွယ်နဲ့မလိုက်အောင် ကမ္ဘာ့ရာသီဥတုပြောင်းလဲရေးနဲ့ ပတ်သက်လို့ စိတ်အားထက်သန်စွာ လှုပ်ရှားဆောင်ရွက်နေသူပါ

ဆယ်ကျော်သက်အရွယ် ကျောင်းသူလေးတစ်ဦးဖြစ်ပေမဲ့ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုနဲ့ ပတ်သက်ပြီး အလေးထား တုံ့ပြန်ဆောင်ရွက်ရေး စည်းရုံးလှုံ့ဆော်မှုတွေ တစိုက်မတ်မတ်နဲ့ သတ္တိရှိရှိ လုပ်ဆောင်နေခဲ့တဲ့ ဆွီဒင်သူ ဂရီတာသွန်းဘတ်ဂ် (Greta Thunberg) ကို ကမ္ဘာတဝန်းက လေးစားအသိအမှတ်ပြုကြပါတယ်။

သွန်းဘတ်ဂ်ဟာ သူမရဲ့ အရွယ်နဲ့မလိုက်အောင် ကမ္ဘာ့ရာသီဥတုပြောင်းလဲရေးနဲ့ ပတ်သက်လို့ စိတ်အားထက်သန်စွာ လှုပ်ရှားဆောင်ရွက်နေသူပါ။ သွန်းဘတ်ဂ်က အသက် ၁၅ နှစ်အရွယ်မှာပင် အပတ်စဥ် သောကြာနေ့တိုင်း ကျောင်းမတက်ဘဲ ဆွီဒင်အစိုးရအနေနဲ့ ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေး ၎င်းရဲ့ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ရန် လွှတ်တော်အပြင်ဘက်မှာ ဆန္ဒပြပြီး ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သူမရဲ့ စည်းရုံးလှုံ့ဆော်မှုတွေကို စတင်ခဲ့ပါတယ်။



သွန်းဘတ်ဂ်ရဲ့ စည်းရုံးလှုံ့ဆော်မှုကို ကမ္ဘာတစ်ဝန်းမှ လူပေါင်းများစွာက လျင်လျင်မြန်မြန် သတိပြုမိခဲ့ကြပါတယ်။ သူမရဲ့ လှုပ်ရှားမှုကို အတုယူ အားပေးထောက်ခံကာ ကမ္ဘာတစ်ဝန်း မြို့အသီးသီးမှာ လူငယ်အများစု အပါအဝင် လူဦးရေ သန်းနဲ့ချီပြီး ကမ္ဘာရာသီဥတုပြောင်းလဲမှုအပေါ် အစိုးရတွေက အလေးထားဆောင်ရွက်ကြရန် လမ်းပေါ်ထွက် တောင်းဆိုမှုတွေလည်းရှိလာခဲ့ပါတယ်။

သွန်းဘတ်ဂ်က "School strike for climate" လို့ ရိုးရှင်းတဲ့စားသားကို လက်ရေးဖြင့်ရေးသားထားတဲ့ ပိုစတာနဲ့အတူ ဆန္ဒပြလှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဆယ်ကျော်သက်လေး သွန်းဘတ်ဂ်ရဲ့ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုတွေက ဆိုရှယ်မီဒီယာကနေ ကမ္ဘာတစ်ဝန်း သန်းနဲ့ချီတဲ့ လူငယ်တွေအပေါ် လွှမ်းမိုးခဲ့ပြီး စည်းရုံးလှုံဆော်မှုနဲ့ ဆန္ဒပြမှုတွေ လုပ်ဆောင်လာစေခဲ့ပါတယ်။

ရာသီဥတုပြောင်းလဲမှုအပေါ် တုံ့ပြန်ဆောင်ရွက်ရေး စည်းရုံးလှုံ့ဆော်တဲ့ သွန်းဘတ်ဂ်ရဲ့ လှုပ်ရှားမှုဟာ ကမ္ဘာတစ်ဝှမ်း ဆိုရှယ်မီဒီယာအသုံးပြုသူတွေကြားမှာ hashtag #FridaysForFuture အဖြစ် များစွာပျံ့နှံ့ခဲ့ပါတယ်။ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုနဲ့ ပတ်သက်ပြီး အလေးထားဆောင်ရွက်ရေး စည်းရုံးလှုံ့ဆော်မှုတွေ တစိုက်မတ်မတ် လုပ်ဆောင်နေခဲ့တဲ့ သွန်းဘတ်ဂ်ဟာ ၂၀၁၉ ခုနှစ်မှာ TIME မဂ္ဂဇင်းရဲ့ Person of the Year အဖြစ် ရွေးချယ်ဖော်ပြခံခဲ့ရပါတယ်။

သွန်းဘတ်ဂ်ဟာ TIME မဂ္ဂဇင်းက ၁၉၂၇ ခုနှစ်မှစပြီး နှစ်စဥ် ရွေးချယ်ဖော်ပြခဲ့တဲ့ Person of the Year အဖြစ် ရွေးချယ်ခံခဲ့ရသူတွေအနက် ၉၂ နှစ်အတွင်း အသက်အငယ်ဆုံးအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ဆယ်ကျော်သက် ဆွီဒင်ကျောင်းသူလေး သွန်းဘတ်ဂ်ကို ၂၀၁၉ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် နော်ဝေနိုင်ငံမှ လွှတ်တော်အမတ်သုံးဦးက အဆိုပြုခဲ့ပါသေးတယ်။

လာမယ့် ဆယ်စုနှစ်ဟာ ကမ္ဘာကြီးရဲ့အနာဂတ်ကို အဆုံးအဖြတ်ပေးလိမ့်မယ်လို့ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းက မက်ဒရစ်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံကို တက်ရောက်စဥ် သွန်းဘတ်ဂ်က ပြောကြားခဲ့ပါတယ်။ ထိုညီလာခံကို တက်ရောက်ရာမှာလည်း သွန်းဘတ်ဂ်က ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချရန်အတွက် လေယာဥ်မစီးဘဲ အမေရိကန်မှ ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့သို့ အတ္တလန်တိတ်သမုဒ္ဒရာကို ရွက်လှေဖြင့် သုံးပတ်ကြာ ဖြတ်သန်းလာခဲ့ပါတယ်။

ထို့နောက် လစ္စဘွန်းမှ စပိန်နိုင်ငံ မက်ဒရစ်မြို့ကို ရထားစီးပြီး ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ သူမက ၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်း အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံကိုလည်း ရေလမ်းခရီးမှပင် ရွက်လွှင့်လာခဲ့ပါတယ်။ ထိုစဥ်က အင်္ဂလန်နိုင်ငံ ပလိုင်းမောက်မြို့မှ နယူးယော့ခ်မြို့သို့ ၁၅ ရက်ကြာ ရွက်လွှင့်လာခဲ့တာ ဖြစ်ပါတယ်။

သွန်းဘတ်ဂ်ဟာ သူမရဲ့အသက် ၈ နှစ်အရွယ်မှာ ရာသီဥတုဆိုင်ရာ အကျပ်အတည်းကို ပထမဆုံး လေ့လာသိရှိခဲ့သူပါ။ ထို့နောက်မှာတော့ သူမက ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေး လေယာဥ်မစီးခြင်းနဲ့ သက်သတ်လွတ်စားပြီး တိရိစ္ဆာန်အသက်နဲ့မကင်းတဲ့ ပိုး၊ သားရေး အသုံးအဆောင်တွေကို သုံးစွဲမှုရှောင်ရှားသူ ဖြစ်လာခဲ့ပါတယ်။ သူမက မိသားစုကိုလည်း ထိုသို့ လုပ်ဆောင်ရန် စည်းရုံးနိုင်ခဲ့ပါတယ်။

သွန်းဘတ်ဂ်ကို ၂၀၀၃ ခုနှစ် ဇန်နဝါရီ ၃ ရက်နေ့က ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာ မွေးဖွားခဲ့ပါတယ်။ သူမရဲ့မိဘတွေက အနုပညာရှင်တွေဖြစ်ကြတဲ့ မင်းသား Svante Thunberg နဲ့ အော်ပရာကဇာတ် အဆိုတော် Malena Ernman တို့ ဖြစ်ပါတယ်။ သွန်းဘတ်ဂ်မှာ Beata လို့ခေါ်တဲ့ ညီမလေးတစ်ယောက်ရှိပြီး သူမက ဆွီဒင်မှာ ထင်ရှားတဲ့ အဆိုတော်ပါ။

သွန်းဘတ်ဂ်ဟာ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုနဲ့ ပတ်သက်ပြီး ထောက်ပြပြောဆိုရာမှာ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့အတူ တက်ရောက်ရတဲ့ ညီလာခံမှာဖြစ်စေ ပြင်းထန်စွာ ပြောခဲ့သူပါ။ ၂၀၁၉ ခုနှစ်က နယူးယော့ခ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံကို နိုင်ငံ့ခေါင်းဆောင်တွေ၊ လွှတ်တော်အမတ်တွေ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တို့နဲ့အတူ တက်ရောက်ခဲ့စဥ်က သွန်းဘတ်ဂ် ပြောကြားမှုဟာ ကမ္ဘာ့သတင်းမီဒီယာတွေမှာ ခေါင်းကြီးပိုင်းက နေရာယူခဲ့ပါတယ်။

"ရှင်တို့က ရှင်တို့ရဲ့ အချည်းအနှီး စကားလုံးတွေနဲ့အတူ ကျွန်မရဲ့ အိပ်မက်တွေနဲ့ ကျွန်မရဲ့ကလေးဘဝကို ခိုးယူသွားခဲ့တယ်၊ အခုထိတော့ ကျွန်မက ကံကောင်းနေသူတစ်ဦးပဲ၊ လူတွေ ဒုက္ခရောက်နေကြတယ်၊ လူတွေ သေနေကြတယ်၊ ဂေဟစနစ်အားလုံး ပြိုလဲပျက်စီးနေတယ်၊ ကျွန်မတို့က အစုလိုက်အပြုံလိုက် မျိုးသုဥ်းမှုတစ်ခုရဲ့ အစမှာရောက်နေတယ်၊ ရှင်တို့ ပြောနိုင်တာတွေဟာ ငွေနဲ့ ထာဝရစီးပွားရေးတိုးတက်မှုကိစ္စ ဒဏ္ဍာရီပုံပြင်တွေပဲ၊ ရှင်တို့လုပ်ရဲတယ်နော်!" လို့ သွန်းဘတ်ဂ်က ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုနဲ့ ပတ်သက်လို့ သူမရဲ့ မခံမရပ်နိုင်အဖြစ်ဆုံး မိန့်ခွန်းတစ်ရပ်မှာ ထည့်သွင်းပြောခဲ့ပါတယ်။

Ref and Photo: The Guardian, BBC, Repubblica, Reuters, AFP, Wikiedia

Share

Loading Next Article...
က္က