အပျက်အစီးများအောက်မှာ ပိတ်မိနေသူတွေရှိတယ်လို့ ဆိုပါတယ်။

ကမ္ဘောဒီးယားတောင်ပိုင်းမှာ ဆောက်လတ်စ ခုနစ်ထပ်တိုက်တစ်လုံး ပြိုကျမှုဖြစ်ပွားခဲ့ရာ လူ ၃၆ ဦးထက်မနည်း သေဆုံးပြီး ၂၃ ဦး ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က AFP သတင်းဌာနကို ပြောပါတယ်။

(Photo: AFP)

ယနေ့ (ဇန်နဝါရီ ၃ ရက်) ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲဝန်းကျင်က ကမ္ဘောဒီးယား ကမ်းရိုးတန်းဒေသ Kep မှာ ဆောက်လုပ်နေတဲ့ ခုနစ်ထပ် အဆောက်အအုံ ပြိုကျခဲ့တာဖြစ်ပါတယ်။ အဆောက်အအုံပြိုကျမှုအတွင်း အပျက်အစီးများအောက်မှာ ပိတ်မိနေသူတွေလည်း ရှိခဲ့ပါတယ်။



အဆိုပါ အဆောက်အအုံကို ဟိုတယ်ဖွင့်ရန် ဆောက်လုပ်နေခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ အွန်လိုင်းမှာ ထွက်ပေါ်လာတဲ့ ဗီဒီယိုတစ်ခုအရ ပြိုကျခဲ့တဲ့ အဆောက်အအုံရဲ့ ကြမ်းခင်းတွေဟာ တစ်ခုနဲ့တစ်ခု ထပ်လျက်သားဖြစ်နေပြီး မီးသတ်သမားတွေနဲ့ မြေတူးစက်တစ်ခုကို ထိုနေရာမှာ တွေ့ခဲ့ရပါတယ်။

(Photo: Khmer Times)

အဆောက်အအုံ ပြိုကျချိန်မှာ လူ ၃၀ ဝန်းကျင်ရှိနေခဲ့တယ်လို့ ယုံကြည်ရကြောင်း ကမ္ဘောဒီးယားရဲတပ်ဖွဲ့ ပြောခွင့်ရအမျိုးသား Chhay Kim က AFP ကို ပြောပါတယ်။ ပိတ်မိနေသူကို ရှာဖွေရေးမှာ ရဲတပ်ဖွဲ့ကလည်း ပါဝင်ကူညီပေးနေကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့ပါတယ်။

ကမ္ဘောဒီးယား ဆောက်လုပ်ရေးလုပ်ငန်းတွေ အရှိန်အဟုန်ကောင်းနေပေမဲ့လည်း စံချိန်စံညွှန်းနဲ့အညီဖြစ်စေရန် ကြီးကြပ်ကွပ်ကဲမှု အားနည်းတာကြောင့် လူသေဆုံးတဲ့ လုပ်ငန်းခွင်မတော်တဆမှုတွေ ဖြစ်ပွားလေ့ရှိပါတယ်။ ယမန်နှစ် ဇူလိုင်လအတွင်းကလည်း တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု ထည့်ဝင်ထားတဲ့ Sihanoukville ကမ်းခြေမြို့မှာ ဆောက်လတ်စ အဆောက်အအုံတစ်ခု ပြိုကျခဲ့မှုကြောင့် လူ ၃၀ နီးပါး သေဆုံးခဲ့ပါတယ်။

(Photo: Khmer Times)

ဒါ့အပြင် ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းကလည်း ကမ္ဘာလှည့်ခရီးသွားများ လာရောက်မှုများပြားရာ ဆီရမ်ရိမြို့ (Siem Reap) ရှိ ဘုရားကျောင်းတစ်ခုမှာ ဆောက်လတ်စ စားသောက်ခန်းမတစ်ခု ပြိုကျခဲ့ရာ လူသုံးဦး သေဆုံးပြီး အခြား လူတစ်ဒါဇင်ကျော် ပြင်းထန်စွာ ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်ကောင်းနေတဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ ဆောက်လုပ်ရေးလုပ်သား ၂၀၀,၀၀၀ ရှိတယ်လို့ ခန့်မှန်းထားပြီး အများစုဟာ ကျွမ်းကျင်လုပ်သားများ မဟုတ်ကြဘဲ နေ့စားစနစ်ဖြင့် လုပ်ကိုင်နေကြကာ စည်းမျဥ်းစည်းကမ်းများအရ အကာအကွယ်ပေးထားခြင်းလည်း မရှိကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့အစည်း (International Labour Organization) က ပြောထားပါတယ်။

(နောက်ဆက်တွဲသတင်းနဲ့ အချက်အလက်အပြောင်းအလဲ ရှိလာနိုင်ပါတယ်)


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က