ထရန့်နဲ့ကင်မ်တို့ဟာ စင်ကာပူမှာ ပထမအကြိမ် ထိပ်သီးတွေ့ဆုံခဲ့ကြပါတယ်

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နဲ့ နောက်တစ်ကြိမ် ထိပ်သီးဆွေးနွေးပွဲပြုလုပ်ရန် နေရာရွေးချယ်မှုအတွက် ညှိနှိုင်းနေကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားလိုက်ပါတယ်။ သမ္မတထရန့်က မြောက်ကိုရီးယားနဲ့ ကောင်းမွန်တဲ့ ပြောဆိုဆွေးနွေးမှုရှိခဲ့ကြောင်း၊ သို့သော် အရေးယူပိတ်ဆို့မှုတွေကိုတော့ ဆက်လက်ထားရှိမှာဖြစ်ကြောင်း ဝါရှင်တန်ဒီစီမှာ ပြောခဲ့ပါတယ်။

(Photo: Reuters)

ထရန့်နဲ့ကင်မ်တို့ဟာ ယမန်နှစ် ဇွန်လအတွင်းက စင်ကာပူမှာ ထိပ်သီးတွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ ထိပ်သီးတွေ့ဆုံမှုဟာ ဝန်ထမ်းဆောင်ဆဲ အမေရိကန်သမ္မတတစ်ဦး အနေနဲ့ မြောက်ကိုရီးယားခေါင်းဆောင်နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးမှုအဖြစ်လည်း သမိုင်းဝင်ခဲ့ပါတယ်။

စင်ကာပူထိပ်သီးဆွေးနွေးပွဲမှာ သဘောတူညီမှုတွေရခဲ့ပေမဲ့ လက်ရှိအချိန်အထိ အမေရိကန်ရဲ့ အဓိက ရည်မှန်းချက်ဖြစ်တဲ့ မြောက်ကိုရီးယား နျူကလီးယားလက်နက် ဖျက်သိမ်းရေးနဲ့ပတ်သက်ပြီး သိသာထင်ရှားတဲ့ တိုးတက်မှုမရှိသေးဘူးလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း သမ္မတထရန့်က ကင်မ်ဂျုံအန်ထံမှ ပေးစာတစ်စောင် လက်ခံရရှိခဲ့တယ်လို့ ပြောခဲ့ပေမဲ့ မည်သည့် အကြောင်းအရာများ ရေးသားထားကြောင်းကိုတော့ ထုတ်ဖော်မပြောခဲ့ပါဘူး။

(Photo: AFP)

"ကျွန်တော်တို့ နေရာအတွက် ညှိနှိုင်းနေပါတယ်၊ သိပ်မကြာတော့တဲ့အချိန်မှာ ထုတ်ပြန်ကြေညာသွားမှာပါ၊ သူတို့က တွေ့ချင်နေပါတယ်၊ ကျွန်တော်တို့လည်း တွေ့ချင်ပါတယ်၊ ဘာတွေဖြစ်မလဲ ကျွန်တော်တို့ ကြည့်ကြတာပေါ့" လို့ ထရန့်က ဇန်နဝါရီ ၆ ရက်နေ့က သမ္မတအိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ 

Share

Loading Next Article...
က္က