သေနတ်သမားက ကိုယ့်ကိုယ်ကိုယ်လည်း ဦးခေါင်းကိုပစ်ခတ်ပြီး အဆုံးစီရင်သွားခဲ့ပါတယ်။

ချက်သမ္မတနိုင်ငံ အော့စ်ထရာဗာမြို့ရှိ ဆေးရုံတစ်ရုံရဲ့ လူနာစောင့်ဆိုင်းခန်းအတွင်း သေနတ်သမားတစ်ဦးက လူခြောက်ဦးကို ပစ်သတ်ခဲ့ပြီးနောက် ကိုယ့်ကိုယ်ကိုယ်လည်း ဦးခေါင်းကိုပစ်ခတ်ပြီး အဆုံးစီရင်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

(Photo: Czech Republic Police)



ပစ်ခတ်မှုအတွင်း အခြား လူသုံးဦးလည်း ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ ရဲတပ်ဖွဲ့က ကိုယ့်ကိုယ်ကိုယ် ပစ်ခတ်ထားတဲ့ သေနတ်ဒဏ်ရာဖြင့် သေဆုံးနေတဲ့ သံသယရှိသူကို ပစ်ခတ်မှုဖြစ်ပြီးနောက် သုံးနာရီအကြာမှာ ကားတစ်စီးအတွင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သေနတ်သမားဟာ ဆေးရုံတက်နေရတဲ့ လူနာတစ်ဦးဖြစ်တယ်လို့ ယုံကြည်ရကြောင်း အတည်မပြုနိုင်သေးတဲ့ သတင်းတစ်ရပ်က ပြောပါတယ်။

ဆေးရုံမှာ ပစ်ခတ်မှုကျူးလွန်ရတဲ့ အကြောင်းရင်းကို အတိအကျ မသိရသေးဘူးလို့ BBC သတင်းက ဖော်ပြထားပါတယ်။ အော့စ်ထရာဗာမြို့ အရှေ့မြောက်ပိုင်းရှိ ဆေးရုံမှာ ပစ်ခတ်မှုဖြစ်ပွားကြောင်း ယနေ့ (ဒီဇင်ဘာ ၁၀ ရက်) ဒေသစံတော်ချိန် မနက် ၇ နာရီအချိန်က သတင်းပေးမှု လက်ခံရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

(ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည့် သေနတ်သမားပုံ) (Photo: Czech Republic Police)

ပစ်ခတ်မှုဟာ အော့စ်ထရာဗာတက္ကသိုလ်ဆေးရုံရဲ့ စိတ်ရောဂါဆိုင်ရာဌာနရှိ လူနာစောင့်ဆိုင်းခန်းနေရာမှာ ဖြစ်ပွားခဲ့ပြီး သေနတ်သမားက အနီးကပ်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဆေးရုံညွှန်ကြားရေးမှူး ဂျီရီဟက်ဗ်လန့်က Czech TV သတင်းဌာနကို ပြောကြားမှုအရ သေနတ်သမားဟာ တစ်စုံတစ်ရာ ပြောဆိုခဲ့ခြင်းမရှိဘဲ ရုတ်တရက် ပစ်ခတ်ခဲ့ကြောင်းနဲ့ လူနာကိုးဦး သေနတ်ထိမှန်ခံခဲ့ရကြောင်း သိရပါတယ်။

ပစ်ခတ်မှုကြောင်း အမျိုးသားလေးဦးနဲ့ အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ပြီး အခြားလူသုံးဦး ဒဏ်ရာရခဲ့ရာ နှစ်ဦးဟာ ဒဏ်ရာပြင်းထန်ပါတယ်။ ပစ်ခတ်ခံရသူအားလုံးဟာ ဆေးရုံမှ လူနာများဖြစ်ကြတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ပစ်ခတ်မှုကျူးလွန်ခဲ့ကြောင်း သံသယရှိသူဟာ သေနတ်အတိုတစ်လက်ကို အသုံးပြုခဲ့ကြောင်းနဲ့ ပစ်ခတ်ပြီးနောက် Renault Laguna အမျိုးအစား ကားတစ်စီးဖြင့် ဆေးရုံကနေ ထွက်ခွာသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

(Photo: Lukas Kabon/EPA-EFE)

ထို့နောက် ၎င်းကို ကားအတွင်းမှာ ကိုယ့်ကိုယ်ကိုယ် ပစ်ခတ်ထားတဲ့ ဦးခေါင်းသေနတ်ဒဏ်ရာဖြင့် သေဆုံးလျက်သား ရှာဖွေတွေ့ရှိခဲ့ရပါတယ်။ သံသယရှိသူ အသက် ၄၂ နှစ်အရွယ် အမျိုးသားရဲ့အမည်၊ ဓာတ်ပုံနဲ့ ကားနံပါတ်တို့ကို သိရှိထားပြီးဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ဆေးရုံရဲ့ လုံခြုံရေးကင်မရာမှတ်တမ်းမှ သံသယရှိသူရဲ့ပုံကို ရရှိခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ရဟတ်ယာဥ်နှစ်စီးပါ အသုံးပြုပြီး လိုက်လံရှာဖွေခဲ့ကြပါတယ်။

ရဟတ်ယာဥ်တစ်စီးက ဆေးရုံမြောက်ဘက် ၃ မိုင်ခန့်အကွာမှာ သံသယရှိသူ မောင်းနှင်သွားတဲ့ ကားပေါ်ကနေ ပျံသန်းလာစဥ် ၎င်းက ကိုယ့်ကိုယ်ကိုယ် ဦးခေါင်းနေရာကို သေနတ်ဖြင့်ပစ်ခဲ့ပြီး ထိုဒဏ်ရာဖြင့် နောက်ပိုင်းမှာ သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။ ဆေးရုံပစ်ခတ်မှုမှာ အသုံးပြုခဲ့တဲ့ သေနတ်ဟာ ချက်သမ္မတနိုင်ငံထုတ် ၉ မမ ပစ္စတိုသေနတ် (9mm handgun) ဖြစ်ပြီး သံသယရှိသူဟာ သေနတ်ကိုင်ဆောင်ခွင့် လိုင်စင်မရှိထားကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

(Photo: EPA)

ချက်သမ္မတနိုင်ငံမှာ အမဲလိုက်မှု ရေပန်းစားတာကြောင့် သေနတ်ပိုင်ဆိုင်မှုဟာ အခြား ဥရောပနိုင်ငံတွေထက် ပိုများပေမဲ့ သေနတ်ဖြင့် တိုက်ခိုက်မှုများ ဖြစ်ပွားမှုနည်းပါးကြောင်း သိရပါတယ်။ ၂၀၁၅ ခုနှစ်က နိုင်ငံအရှေ့ပိုင်း Uhersky Brod မြို့ငယ်ရှိ စားသောက်ဆိုင်တစ်ဆိုင်မှာ အမျိုးသားတစ်ဦးက ပစ်ခတ်ခဲ့မှုကြောင့် လူရှစ်ဦး သေဆုံးခဲ့ဖူးပြီး ထိုအမျိုးသားဟာလည်း ကိုယ့်ကိုယ်ကိုယ် ပစ်သတ်သွားခဲ့ပါတယ်။


Share

Loading Next Article...
က္က