ရန်ကုန်မြို့ ကမ်းနားလမ်းညဈေးတန်းကို ၂ နှစ်အတွင်း ဘန်ကောက်က ညဈေးတန်းကဲ့သို့ စည်ကားအောင် ဆောင်ရွက်မယ်လို့ ပန်းဘဲတန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက Duwun ကိုပြောပါတယ်။
ဒီအစီအစဉ်ကို A25 Myanmar Development ပုဂ္ဂလိက ကုမ္ပဏီက ကျပ် ၂.၈ ဘီလီယံ အကုန်အကျခံ ကာ ဦးစီးလုပ်ဆောင်မှာဖြစ်ပြီး သင်္ကြန်အပြီးမှာ ပထမအဆင့်အနေနဲ့ ကျောက်တံတားနဲ့ ပန်းဘဲတန်းမြို့နယ်မှာ စတင်လုပ်ဆောင်မှာဖြစ်တယ်လို့သိရပါတယ်။
“ အခုကမ်းနားလမ်းညဈေးတန်းက စည်ကားမယ့် အနေအထားမရှိတော့ဘူး။ ပုဂ္ဂလိကကုမ္ပဏီက ဒီညဈေးကို တာဝန်ယူပြီး ဘန်ကောက်က Night Market လို ဖော်ဆောင်မယ်။ သန့်ရှင်းရေးအပိုင်းကိုလည်း သူတို့ပဲ အကုန်ဆောင်ရွက်မယ်။” လို့ လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ဆိုပါတယ်။
ကလေးကစားကွင်း၊ အစားအသောက်တန်း၊ ဖက်ရှင်ဆိုင်၊ ဖျော်ဖြေရေးစင်တွေနဲ့ ကားအစီး၈၀ ခန့် ရပ်နိုင်တဲ့ အထပ်မြင့် ကားပါကင် (၂) ခုနဲ့ ကမ်းနားလမ်းညဈေးကို အဆင့်မြှင့်တင်သွားမယ်လို့ သိရပါတယ်။
အရင်က ညဈေးတန်းမှာ သစ်သီးတန်းနဲ့ အစားအသောက်ဆိုင်တွေကိုသာ ရောင်းချခွင့်ပြုထားပေမယ့် အခုတော့ အကျီဆိုင်တွေ၊ လက်ဆောင်ပစ္စည်းဆိုင်တွေ အပြင် အများပြည်သူလာရောက်လည်ပတ်နိုင်အောင် ဖျော်ဖြေရေးအစီအစဉ်တွေကိုပါ ထည့်သွင်းထားမယ်လို့သိရပါတယ်။
“ အခုညဈေးတန်းက ကားလမ်းကူးရတဲ့ အခက်အခဲကြောင့် လူတွေ မလာတော့ဘူး။ကုန်တင်ကားတွေက စည်းကမ်းမရှိ လမ်းမတွေ ပေါ် ထွက်မောင်းတယ်။ ကားတွေက အရှိန်နဲ့ မောင်းတော့ လူတွေက လမ်းကူးရခက်တယ်။ အခု ညဈေးအဆင့်မြှင့်မယ်ဆိုတော့ အမ တို့ ဈေးသည်တွေအနေနဲ့ ဝမ်းသာပါတယ်။ စည်းကမ်းတကျဖြစ်သွားတော့ ကောင်းတာပေါ့” လို့ ကမ်းနားလမ်းညဈေးတန်းမှာ တရုတ်အစားအစာရောင်းချသူ မစိုးစိုးက Duwun ကိုပြောပါတယ်။
“ ညဈေးတန်း စစချင်းကတော့ အရမ်းစည်တယ်။ အခုနောက်ပိုင်းလူတွေလည်း အရမ်းကြဲသွားတယ်။ ဆိုင်တွေကလည်း မစုံတော့ဘူး။ ဆိုင်အနေအထားကလည်း အရမ်းညစ်ပတ်တယ်။ အဆင့်မြှင့်တင်မှု ပြန်လုပ်ရင် ပိုကောင်းတာပေါ့” လို့ ကမ်းနားလမ်းညဈေးတန်းမှာ လာရောက်စားသုံးသူ မမွန်မွန်က Duwun ကိုပြောပါတယ်။
ရန်ကုန်ကမ်းနားလမ်းညဈေးတန်းကို ရန်ကုန်တိုင်းအစိုးရက ဦးဆောင်ပြီး ကျပ် တစ်ဘီလီယံ ကျော် အကုန်အကျခံကာ ၂၀၁၇ ခုနှစ်က တည်ဆောက်ခဲ့ပေမယ့် လာရောက် စားသုံးသူနည်းပါးတာကြောင့် မအောင်မြင်ခဲ့တဲ့ စီမံကိန်းတစ်ခုဖြစ်ခဲ့ပါတယ်။
Share