မူရာ့ ကာရိုက်တာကို အရမ်းအားနာသွားတယ်။

ရွှေသမီးတစ်ယောက် ချည် ဇာတ်ကားကြည့်ပြီး သက်မွန်မြင့်ကို ဖက်ငိုခဲ့တဲ့အကြောင်းပြောလာပါတယ်။ မူရာ့ ကိုလည်း နားလည်ပေးနိုင်သလို ငုရွှေဝါသွယ် ဆိုတဲ့ ကာရိုက်တာကိုလည်း ပီပြင်ချင်ခဲ့တယ်လို့ ဆိုပါတယ်။

Photo: Chi



“ချည်”ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Family Show ပွဲမှာ ရွှေသမီးတစ်ယောက် သက်မွန်မြင့်နဲ့ဖက်ပြီးတော့ ငိုနေကြတဲ့ ဓာတ်ပုံလေးတွေဟာ ပရိသတ်ရင်ကို ထိမှန်စေခဲ့ပါတယ်။ ဒီလို ငိုမိသွားတဲ့ ခံစားချက်ပေါ်လာတဲ့ အကြောင်းကိုလည်း ရွှေသမီးက မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

“ဇာတ်ကားကို အဖွဲ့သားတွေနဲ့အတူတူပြန်ကြည့်တော့ ကိုယ်က ပရိသတ်တစ်ယောက်အနေနဲ့ မူရာ့နေရာကနေ ကြည့်တာ ဖြစ်တဲ့အတွက် အရမ်းခံစားရတယ်။ တစ်ဖက်မှာလည်း ကိုယ့်ရဲ့နေရာဖြစ်တဲ့ ငုရွှေဝါသွယ် နေရာကို ပြန်ကြည့်လိုက်တဲ့အချိန်မှာလည်း ပြန်ပြီးတော့ သနားရသေးတယ်။ အဲဒါကြောင့် မူရာ့ကို အရမ်းအားနာပြီးတော့ သူ့ကို ခွင့်လွှတ်ပါဆိုတဲ့ စိတ်ဖြစ်သွားတော့ မသက်မွန်ကို ဖက်ပြီးတော့ ငိုဖြစ်တယ်” လို့ ဆိုပါတယ်။

Photo: Chi

ရွှေသမီးဟာ ချည် ရုပ်ရှင်ကားကြီးထဲက မူရာ ရဲ့ ကာရိုက်တာကို ဝင်ရောက် ခံစားပေးမိတယ်လို့လည်း သူက ပြောပါတယ်။

“အပြင်မှာလည်း မသက်မွန်လို လူမျိုးအများကြီးရှိမှာပါ။ သူများတွေကတော့ အပြင်မှာ မရှိနိုင်လောက်ဘူးလို့ ထင်ကောင်းထင်လိမ့်မယ်။ ဒါပေမယ့် အဲဒီလို အချစ်မျိုး ချစ်တတ်တဲ့ မိန်းမတွေ အပြင်လောကမှာလဲ တကယ်ရှိတတ်ပါတယ်” ဆိုပြီးတော့ ဒီဇင်ဘာလ ၂၄ ရက်နေ့က “ချည်”ရုပ်ရှင်ဇာတ်ကားအထူးပြပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့တာပါ။

Photo: Chi

ချည် ဇာတ်ကားထဲက ငုရွှေဝါသွယ် ဆိုတဲ့ ကောင်မလေး တစ်ယောက်ရဲ့ ကာရိုက်တာ၊ ခံစားချက်တွေကိုလည်း နားလည်ပေးနိုင်တယ်လို့ ရွှေသမီးက ပြောပါတယ်။ ချည် ရုပ်ရှင်ကားကြီးထဲမှာတော့ ရွှေသမီးနဲ့အတူ သက်မွန်မြင့်၊ နေတိုးတို့က ပါဝင်သရုပ်ဆောင်ထားတာပါ။ ဒီဇာတ်ကားကိုတော့ ဒီဇင်ဘာလ ၂၆ ရက်နေ့ကတည်းက ရုံတင်ပြသနေပြီဖြစ်ပါတယ်။

“ဒီဇာတ်ကားမှာ အိုက်တင်လုပ်နေတဲ့ တစ်လျှောက်လုံးမှာတော့ ငုရွှေဝါသွယ် အနေနဲ့ အထိဆုံးစကားကတော့ ‘ကိုကို့ရဲ့ ပထမလူမဟုတ်ရင်တောင်မှ အချစ်ကို ပထမဦးဆုံးမရခဲ့တာကိုတော့ ဝမ်းနည်းတယ်’ လို့ပြောတဲ့ ဇာတ်ဝင်ခန်းလေးကတော့ ငုရွှေဝါသွယ် ကာရိုက်တာဝင်နေတဲ့အချိန်မှာ အထိရှဆုံးပါပဲ။ သူ့နေရာမှာပြောရရင်တော့ အဲဒီ စကားကလည်း မှန်တာပဲလေ။ ဒါလေးကတော့ အထိဆုံးပါ”လို့ ဆိုပါတယ်။

Photo: Chi

ရွှေသမီးဟာ အနုပညာပျိုးခင်ကနေ စင်တင်ပေးခဲ့တဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ အခုချိန်မှာတော့ ပရိသတ်အချစ်တွေ အများ ကြီး ပိုင်ဆိုင်နေတဲ့ မင်းသမီးဆိုရင်လည်း မမှားပါဘူး။ ခေါင်းဆောင်မင်းသမီးတစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင် ဇာတ် ကား ကြီး တွေလည်း အများကြီးပါ။ အခုဆိုရင်တော့ သူမ ပါဝင်သရုပ်ဆောင်ထားတဲ့ "ချည်" ရုပ်ရှင်ဇာတ်ကားကြီးကလည်း ဒီဇင်ဘာလ ၂၆ ရက်နေ့က စပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသနေပြီလို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က