လိုင်စင်လျှောက်ထားမှုကိုတော့ ဝါးတန်းလမ်း၊ရန်ကုန်ဘူတာကြီးနဲ့ အနောက်ပိုင်းခရိုင်ရုံးဆိုပြီး ၃နေရာခွဲ ဆော်ငရွက်ပေးနေပြီး ပြန်လည်ဖွင့်လှစ်တဲ့ ဇွန် ၈နဲ့၉ရက် နှစ်ရက်ပေါင်းမှာ ကားလိုင်စင်သက်တမ်းတိုးမှု ၁,၃၂၂စီး နဲ့ ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးမှု ၃,၀၈၃စောင်ရှိပါပြီ။
ကိုဗစ်ကြောင့် ၂လကျော် ၃လနီးပါးခန့် ပိတ်ထားတဲ့ ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန(က.ည.န)ရုံးကို ဇွန်လ ၈ရက်နေ့က စတင်ကာ ပြန်လည်ဖွင့်လှစ်ပြီး မူလအတိုင်း ဝန်ဆောင်မှုတွေ ပေး နေပါပြီ။
ကိုဗစ်ကာလမှာ သက်တမ်းတိုးခွင့်ရပ်နားထားရတဲ့သူတွေအတွက်လည်း သတ်မှတ်ကာလတစ်ခုစီ ပြန်လည် သတ် မှတ်ပေးပြီး သက်တမ်းတိုးစေကာ ဒဏ်ကြေးမဆောင်ရဖို့ ဌာနဘက်က စီစဉ်ပေးနေပါတယ်။
အခုလို စီစဉ်ပေးရာမှာတော့ သတ်မှတ် လိုင်စင်လျှောက်ထားမှု အရေအတွက်ကတော့ ရုံးအချိန်အတွင်း ပြီးစီးအောင် လုပ်ဆောင်ပေးရတဲ့အတွက် လူအရမ်းများတဲ့အခြေအနေမျိုးဖြစ်လာရင် Social Distancing အတွက် အခက်အခဲရှိနေတယ်လို့လည်း ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းမြင့်က Duwunကိုပြောပါတယ်။
ကိုဗစ်ကာလအတွင်းမှာ လူစုလူဝေး မဖြစ်ပေါ်စေဖို့အတွက် ယာဉ်မောင်းလိုင်စင်နဲ့ကားလိုင်စင် သက်တမ်းတိုး လျှောက်ထားမှုတွေအတွက်လည်း အချိန်တစ်ချိန်မှာ သတ်မှတ်အရေအတွက် ကန့်သတ်ပြီး စိစစ်ဆောင်ရွက် ပေးနေတယ်လို့လည်း သိရပါသေးတယ်။
“လက်ရှိမှာတော့ လူစုလူဝေးကို တတ်နိုင်သလောက်ထိန်းဖို့အတွက် ကားလိုင်စင်သက်တမ်းတိုးအတွက် တစ်ချိန်မှာ ၂၀၀နဲ့ ယာဉ်မောင်းလိုင်စင်ကတော့ နေရာနည်းနည်းကျဉ်းတဲ့အတွက် တစ်သုတ်ကို ၅၀ပဲ သွင်းပါ တယ်။ပြီးတာနဲ့ နောက်တစ်သုတ်က ဝင်စေပြီး ဆောင်ရွက်ပေးနေတာပါ။”လို့လည်း ဒေါ်သန်းသန်းမြင့်က ဆက် လက်ပြောပါတယ်။
က.ည.နရုံးမှာတော့ စတင်ဖွင့်လှစ်တဲ့ ဇွန်လ ၈ရက်နေ့နဲ့ ၉ရက်နေ့ ၂ရက်ပေါင်း ယာဉ်မောင်း လိုင်စင်သက်တမ်း တိုးမှုကတော့ ဝါးတန်းလမ်းမှာ ၅၄၉ စောင်၊ဘူတာကြီးမှာ ၉၀၇ စောင်နဲ့ အနောက်ပိုင်းရုံးမှာ ၁,၆၂၇ စောင် လာရောက်သက်တမ်းတိုးခဲ့ပြီး ဖြစ်ပါတယ်။
သက်တမ်းတိုးကျန်တဲ့ယာဉ်အစီးရေကတော့ စုစုပေါင်း ၄သောင်းကျော်ရှိရာမှာတော့ ဇွန်လ ၈ရက်နဲ့၉ရက် နှစ်ပေါင်း ၁၃၂၂စီး လာရောက်သက်တမ်းတိုးပြီး ဖြစ်တယ်လို့လည်းသိရပါတယ်။