ဗန်ကူးဗားမြို့တဝိုက် ကားလမ်းနဲ့ ရထားလမ်းများ ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်

ကနေဒါနိုင်ငံမှာ ရာစုနှစ်တစ်ခုအတွင်း တစ်ကြိမ်ဖြစ်ပေါ်တဲ့ ရာသီဥတုဖြစ်စဥ်လို့ တာဝန်ရှိသူတွေက သတ်မှတ်ခဲ့တဲ့ မုန်တိုင်းတိုက်ခတ်တစ်ခုမှုကြောင့် ဗန်ကူးဗားမြို့တဝိုက် ကားလမ်းနဲ့ ရထားလမ်းများ ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

အနောက်ဘက်ကမ်းရိုးတန်းမြို့ကို ဆက်သွယ်ထားတဲ့ အဝေးပြေးလမ်းမနှစ်ခုဟာ ရေကြီးမှုကြောင့် ပျက်စီးခဲ့ပြီးနောက် လမ်းမတွေကို ပိတ်ထားခဲ့ရပါတယ်။ အ‌‌ဝေးပြေးလမ်းမမှာ ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုအတွင်း အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အခြား လူနှစ်ဦးထက်မနည်း ပျောက်ဆုံးနေကြောင်း ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။



(Photo: BBC)

သေဆုံးသူအမျိုးသမီး အလောင်းကို ဗန်ကူးဗားမြို့မှ ၁၅၅ မိုင်အကွာ Lillooet မြို့အနီးမှာ တွေ့ရှိခဲ့ကြောင်း ကနေဒါရဲတပ်ဖွဲ့ Royal Canadian Mounted Police (RCMP) က ထုတ်ပြန်ပါတယ်။ တနင်္လာနေ့ (နိုဝင်ဘာ ၁၅ ရက်) မှာ ဖြတ်သန်းတိုက်ခတ်ခဲ့တဲ့ ကြီးမားတဲ့မုန်တိုင်းကြောင့် လူဦးရေ ထောင်နဲ့ချီပြီး ၎င်းတို့ရဲ့ နေအိမ်တွေကနေ စွန့်ခွာရွှေ့ပြောင်းခဲ့ကြရပါတယ်။

မုန်တိုင်းကြောင့် ကနေဒါနိုင်ငံ British Columbia ပြည်နယ်မှာ ၂၄ နာရီအတွင်း မိုးရေချိန်ဟာ တစ်လစာနဲ့ညီမျှတဲ့အထိ ရွာသွန်းခဲ့ပါတယ်။ ထိုပြည်နယ်တွင်း ထောင်နဲ့ချီတဲ့ နေအိမ်တွေကနေ ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်ခဲ့ရပါတယ်။ ဗန်ကူးဗားမြို့မှ မိုင် ၁၂၀ အကွာ Merritt ရှိ လူ ၇,၀၀၀ ကို နေအိမ်စွန့်ခွာ ရွှေ့ပြောင်းကြရန် နိုဝင်ဘာ ၁၅ ရက်နေ့မှာ အာဏာပိုင်တွေက ညွှန်ကြားခဲ့ပါတယ်။

(Photo: BBC)

နိုဝင်ဘာ ၁၆ ရက်နေ့မှာတော့ ထိုမြို့မှာ နှင်းများကျရောက်ခဲ့ရာ ရေခဲဖုံးလွှမ်းနေတဲ့ ရေထဲမှာ ကားတွေ မျောပါနေတာ တွေ့ရပါတယ်။ မုန်တိုင်းတိုက်ပြီး မိုးသည်းထန် ရေကြီးမှုအတွင်း လမ်းပျက်စီးမှုတွေကြောင့် တောင်တန်းထူထပ်တဲ့ Agassiz မြို့မှာ ပိတ်မိနေခဲ့သူ ၃၀၀ ခန့်ကို ကယ်ဆယ်ရန် ရဟတ်ယာဥ်များ စေလွှတ်ခဲ့ရပါတယ်။

နိုဝင်ဘာ ၁၅ ရက် မိုးရွာသွန်းမှုနဲ့ လေတိုက်ခတ်မှုတွေဟာ နိုဝင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းမှာ ရပ်သွားခဲ့ပေမဲ့ နေရာအတော်များများကတော့ ရေကြီးနေဆဲလို့ ဆိုပါတယ်။ ဗန်ကူးဗားမြို့နဲ့ အခြား နိုင်ငံရဲ့နေရာဒေသတွေကို ဆက်သွယ်ထားတဲ့ Trans-Canada အဝေးပြေးလမ်းရဲ့ လမ်းပိုင်းတွေ ရေနစ်မြုပ်နေခဲ့ကြောင်း သိရပါတယ်။ ယခုမုန်တိုင်းတိုက်ခတ်မှုဟာ ရာစုနှစ်တစ်ခုအတွင်း အဆိုးဆုံး ရာသီဥတုဖြစ်စဥ်လို့ ပြည်နယ်ဆိုင်ရာ ပို့ဆောင်ရေးဝန်ကြီး Rob Fleming က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

Share

Loading Next Article...
က္က